ကမ်းထောင်းကြီးတွင် ဆိတ်ကမ်းတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်ပစ်မှု များလာနေ

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင်  အမှိုက်ပစ်မည့်နေရာမရှိသည့်အတွက် အမှိုက်များကို စည်းကမ်းမဲ့ ကမ်းထောင်းကြီးချောင်းတလျှောက် ပစ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

02 Jul 2021

DMG ၊ ဇူလိုင် ၃

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင်  အမှိုက်ပစ်မည့်နေရာမရှိသည့်အတွက် အမှိုက်များကို စည်းကမ်းမဲ့ ကမ်းထောင်းကြီးချောင်းတလျှောက် ပစ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ကမ်းထောင်းကြီးတွင် အမှိုက်များကို ပစ်မည့်နေရာမရှိသည့်အတွက် ချောင်းအတွင်းသို့ အမှိုက်များကို ပစ်နေရကြောင်း ကမ်းထောင်းကြီးမြို့မှ ကိုသားချေက ပြောသည်။

“အမှိုက်ပစ်မယ့် နေရာမရှိတော့ ကျနော်လည်း နေ့တိုင်းအဲဒီမှာပဲ ပစ်ရပါတယ်။ အဓိက အမှိုက်ပစ်မယ့် နေရာလေးတခု ရစေချင်ပါတယ်။ မြို့ရှေ့ချောင်းမှာ မပစ်စေချင်ပါဘူး”  ဟု ဆိုသည်။

ကမ်းထောင်းကြီးတွင် ပြီးခဲ့သည့် ၂၀၂၀ စက်တင်ဘာလမှ စတင်ကာ ကမ်းထောင်းကြီးစည်ပင်အား ရုပ်သိမ်းသွားခြင်းဖြစ်ကြောင်း မြေပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးက ပြောသည်။

“စည်ပင်မရှိဆိုတော့ စည်ပင်သာယာရေးအဖွဲ့လည်း မရှိတော့ဘူးလေ၊ အဖွဲ့မရှိတော့ အလုပ်လည်းမရှိဘူးပေါ့၊ စည်ပင်ကို ဘာကြောင့် ရုပ်သိမ်းသွားလဲဆိုတာတော့ ကျနော်တို့လည်းမသိဘူး၊ အဲဒါကို ကျနော်တို့လည်း ပြောလို့မရဘူး” ဟု ဆိုသည်။

ကမ်းထောင်းကြီးမြို့မှာ စည်ပင်ရှိသည့်အခါတွင်လည်း အမှိုက်ပစ်မည့်နေရာ မရှိသည့်အတွက်ကြောင့် ဆိတ်ကမ်းတလျောက်တွင် အမှိုက်ပစ်နေကြရခြင်းဖြစ်သည်။   

“အရင်က စည်ပင်ရှိကတည်းကလည်း အမှိုက်ပစ်မယ့် နေရာမရှိတာကြောင့် ချောင်းမှာပဲပစ်နေကြတယ်။ အခုဆိုရင် အခြေအနေက တော်တော်ဆိုးနေပါတယ်၊ ချောင်းက ရေတိမ်လာတာပေါ့၊ ကျနော်တို့ ငယ်ငယ်ကဆို ရေကူးလို့ရတယ်။ ဒါပေမဲ့ အခုက အမှိုက်တွေနဲ့ ပြည့်လာနေတယ်။ အနံ့အသက်တွေကလည်း မကောင်းတော့ဘူး ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ယခုကဲ့သို့ အနယ်နယ်အရပ်ရပ်မှ လာကြသည့် ဆိတ်ကမ်းနေရာတွင် အမှိုက်များကို ပစ်ထားသည့်အတွက် အနံ့ဆိုးများရှိသည့်အတွက် ကျန်းမာရေးထိခိုက်နိုင်သည်ကိုလည်း ဒေသခံများမှာ စိုးရိမ်နေကြခြင်းဖြစ်သည်။

ကမ်းထောင်းကြီးမြို့တွင် အမှိုက်ပစ်နေခြင်းနှင့်ပတ်သတ်ပြီး စည်ပင်သာယာရေးအဖွဲ့ မရှိသည့်အတွက် အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်ရှိတာဝန်ယူနေသည့် ကမ်းထောင်းကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်က ပြောသည်။

“စနစ်တကျပဲ ကိုယ့်အမှိုက်ကို ပစ်ခိုင်းရတာပေါ့၊ အဲဒါပဲ ရှိတယ်လေ။ ဘေးပတ်ဝန်ကျင်း ပြဿနာ မရှိအောင်တော့ ပစ်ခိုင်းထားတယ်။ ချောင်းတွေမှာတော့ ကျနော်တခေါက် သွားကြည့်တဲ့အခါမှာ ပစ်လို့ရှိတယ်။ လောလောစဉ်တော့ ပစ်လို့ မမြင်သေးပါဘူး၊ ချောင်းကတော့ တော်တော်လေး တိမ်နေပြီး၊ ကျနော်တို့လည်း အဲဒါကို ပြောဖို့အတွက် အစည်းအဝေးခေါ်ထားပါသေးတယ် ” ဟု ဆိုသည်။

ကမ်းထောင်းကြီးမြို့ဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာ အစုံရှိစေချင်ကြောင်း၊ ယင်းအပြင် စည်ပင်ဌာန ပြန်လည်ချပေးရေးနှင့်ပတ်သတ်ပြီး ဦးကျော်ကျော်နိုင်အနေဖြင့် ပြောရခက်ကြောင်းဆိုသည်။

ကမ်းထောင်းကြီးမြို့တွင် လူဦးရေ (၁၁၃၄၀) ယောက်၊  အိမ်ထောင်စု (၂၅၆၉) စုနှင့် အိမ်ခြေ (၂၁၆၅) ဆောင် ရှိကြောင်း ကမ်းထောင်းကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးစာရင်းအရ သိရသည်။