မောင်တောတွင် ကိုဗစ်ပိုးတွေ့သည့် နယ်ခြားစောင့်ရဲဝန်ထမ်း ၃၀ ကျော်ထပ်တိုး

မောင်တောမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသည့် နယ်ခြားစောင့်ရဲဝန်ထမ်း ၃၀ ကျော် ထပ်မံတိုးလာကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။

06 Jul 2021

ဓါတ်ပုံ - မောင်တောနယ်စပ်ကုန်သွယ်ရေးသို့ ကုန်ပို့ရန် ပြည်မဖက်မှရောက်ရှိလာကြသည့် ကုန်ကားများအား တွေ့ရစဉ်

DMG ၊ ဇူလိုင် ၆

မောင်တောမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသည့် နယ်ခြားစောင့်ရဲဝန်ထမ်း ၃၀ ကျော် ထပ်မံတိုးလာကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။

ယမန်နေ့က မောင်တောမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၅၄ ဦးထပ်တိုးလာပြီး ယင်းအထဲတွင် နယ်ခြားစောင့်ရဲ ဝန်ထမ်း ၃၀ ကျော်နှင့် ကျန်းမာရေးဝန်ထမ်း၊ လဝကဝန်ထမ်းနှင့် အရပ်သားများပါဝင်ကြောင်း သိရသည်။

“ကမ်းထိုးရေယာဉ်နဲ့ရောက်လာတဲ့ နယ်ခြားစောင့် ၃၀ ကျော်ပါဝင်တယ်။ နောက် ပြည်သူ့ကျန်းမာရေးဝန်ထမ်း ၁ ဦးနဲ့ လဝကဝန်ထမ်းတွေ၊ နောက်နေမကောင်းလို့ ဆေးရုံလာပြသူတွေပါဝင်ကြတယ်” ဟု မောင်တောခရိုင် ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။

လက်ရှိ ကိုဗစ်ပိုးတွေ့ရှိထားသည် နယ်ခြားစောင့်ရဲဝန်ထမ်းနှင့် မိသားစုဝင်များမှာ မောင်တောမြို့နယ်တွင် ၁၄၀ ဦးခန့်နှင့် ဘူးသီးတောင်မြို့နယ်တွင် ၅၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။

နယ်ခြားစောင့်ရဲနှင့် မိသားစုဝင် များမှာ ပြည်မဖက်မှတာဝန်ဖြင့်ပြောင်းရွှေ့လာသူများဖြစ်ကာ ဇွန်လ ၂၉ ရက်နေ့က ကမ်းထိုးရေယာဉ်ဖြင့် မောင်တောသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူများ နေ့စဉ်တိုးလာနေသဖြင့် မြို့အား Lockdown ပြုလုပ် သင့်ကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းလှစိန်က အကြံပြုသည်။

“အခုအချိန်မှာ မြို့ကို Lockdown ချဖို့ လိုအပ်ပြီ။ ပြည်နယ်အစိုးရသတ်မှတ်နေစရာမလိုဘူး။ မိမိတို့မြို့က ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအမိန့်နဲ့ ထုတ်ပြန်သင့်ပြီ” ဟု ၎င်းကဆိုသည်။

လက်ရှိ မောင်တောမြို့နယ်အတွင်းတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၂၃၀ ကျော်အထိရှိလာပြီး ယင်းအထဲမှ ဆေးရုံဆင်းခွင့်ရသူ ၉ ဦးနှင့် သေဆုံးသူ ၂ ဦးရှိသည်။

ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့် မောင်တောမြို့သို့ ပြည်မဖက်မှ ကုန်ကားများအဝင်/အထွက်ရှိ သဖြင့် အဆိုပါကားများကို ကိုဗစ်ကာလအတွင်း ထိန်းချုပ်စစ်ဆေးရန်လိုအပ်ကြောင်း မောင်တောကရုဏာ ကွန်ယက် ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က ပြောသည်။

ရခိုင်ပြည်အတွင်းတွင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်နှင့် သေဆုံးသူ ၃ ဦးရှိလာပြီးနောက် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်၍ ၂ ပတ်ကြာရပ်နားထားရန် ပြည်နယ်ကောင်စီက ဆုံးဖြတ်ထားကြောင်း သိရသည်။