စစ်တွေတွင် စစ်ဘေးရှောင်နေသည့် မွတ်ဆလင် ၃၀၀ ခန့် ဖမ်းဆီးခံရ 

“ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲအရှိန်ပြင်းနေတုန်းက စစ်တွေဘက်ကို စစ်ဘေးရှောင်လာကြတာ။ သူတို့တွေကို ရက်တိုအတွင်းမှာ စုပြုံဖမ်းသွားတာ။ စစ်မှုမထမ်းမနေရဆိုပြီး စစ်မှုထမ်းဖို့ အတင်းခေါ်သွားတာ” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

By Admin 16 Jul 2024

စစ်တွေမြို့နယ်က သဲချောင်းမွတ်ဆလင်ဒုက္ခသည်စခန်း။ (File Photo/ 2020) 
စစ်တွေမြို့နယ်က သဲချောင်းမွတ်ဆလင်ဒုက္ခသည်စခန်း။ (File Photo/ 2020) 

DMG ၊ ဇူလိုင် ၁၆

ဘူးသီးတောင်တိုက်ပွဲကြောင့် စစ်တွေမြို့နယ်သို့ စစ်ဘေးရှောင်လာသည့် မွတ်ဆလင်များထဲမှ ၃၀၀ နီးပါးကို စစ်ကောင်စီက ဇူလိုင်လ ဒုတိယသီတင်းပတ်အတွင်း ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းရမည်ဟုဆိုကာ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်းဟု မွတ်ဆလင်သတင်းရင်းမြစ်များထံမှ သိရသည်။ 

“ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲအရှိန်ပြင်းနေတုန်းက စစ်တွေဘက်ကို စစ်ဘေးရှောင်လာကြတာ။ သူတို့တွေကို ရက်တိုအတွင်းမှာ စုပြုံဖမ်းသွားတာ။ စစ်မှုမထမ်းမနေရဆိုပြီး စစ်မှုထမ်းဖို့ အတင်းခေါ်သွားတာ” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

၎င်းတို့ထဲမှ တချို့ကို စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ကျန်လူများကို စစ်ကောင်စီတပ်ရင်းများသို့ ပို့ဆောင်ထားကာ အမျိုးသမီးတချို့ကို ရက်ပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ 

စစ်မှုထမ်းရန် မလိုက်ပါက ဖမ်းဆီးတရားစွဲမည်ဟု ခြိမ်းခြောက်ကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိတွင် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေသည်။ 

“ခေါ်ခံရတဲ့သူတွေနဲ့ အခုအချိန်အထိ အဆက်သွယ်မရသေးဘူး။ စစ်ကောင်စီတပ်သားတွေဟာ အခုနောက်ပိုင်း လူတွေကို နေ့အချိန်ဖမ်းတယ်၊ ညအချိန်ဖမ်းတယ်လို့ မရှိတော့ဘူး။ သူတို့ဖမ်းချင်တဲ့အချိန် လာဖမ်းနေတာ” ဟု ဖမ်းဆီးခေါ်ဆောင်ခံရသည့် မွတ်ဆလင်များနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။  

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်အတွင်းတိုက်ပွဲများတွင် အာရက္ခတပ်တော်(AA)က စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများအား တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။ 

စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ ARSA၊ ARA၊ RSO တို့နှင့်ပူးပေါင်းကာ AA ကို ခုခံတိုက်ခိုက်နေပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသများရှိ မွတ်ဆလင်များအား အတင်းအဓမ္မ စစ်သင်တန်းပေးကာ စစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိသည်။