ငပလီတပ်ရင်းများကျပြီးနောက် သံတွဲမြို့တွင် စစ်ကောင်စီ ခံစစ်ပြင်ဆင် 

စစ်ကောင်စီ၏ သံတွဲတပ်ရင်းများဖြစ်သည့် ခမရ (၅၆၆)ကို ဇွန် ၂၇ ရက်၊ သံတွဲလေဆိပ်ကို ဇူလိုင် ၅ ရက်၊ ခလရ (၅၅) ကို ဇူလိုင် ၉ ရက်တို့တွင် AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

By Admin 12 Jul 2024

သံတွဲတပ်ရင်းများကို သိမ်းပိုက်ပြီနောက် ငပလီကမ်းခြေတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ 
သံတွဲတပ်ရင်းများကို သိမ်းပိုက်ပြီနောက် ငပလီကမ်းခြေတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ 

DMG ၊ ဇူလိုင် ၁၂ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ငပလီအခြေစိုက်တပ်ရင်းများကို AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် သံတွဲမြို့အတွင်း၌ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

AA ထိုးစစ်ကိုခုခံရန် သံတွဲမြို့ရှိ အကျဉ်းထောင်နှင့် အထပ်မြင့်အဆောက်အုံများတွင် နေရာယူ၍ စစ်ကောင်စီက ခံစစ်ပြင်ဆင်နေကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။ 

“ထောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်ရင်းတွေကနေ ဆုတ်ပြေးလာတဲ့ စစ်သားတွေက မြို့အတွင်းမှာ ခံစစ်ပြင်ဆင်နေကြတယ်။ တိုက်အိမ်အမြင့်တွေမှာ နေရာယူထားကြတာရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ သံတွဲတပ်ရင်းများဖြစ်သည့် ခမရ (၅၆၆)ကို ဇွန် ၂၇ ရက်၊ သံတွဲလေဆိပ်ကို ဇူလိုင် ၅ ရက်၊ ခလရ (၅၅) ကို ဇူလိုင် ၉ ရက်တို့တွင် AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံတွဲမြို့ထဲနှင့် အနီးဝန်းကျင်တွင် ကျန်ရှိနေသေး၍ သံတွဲမြို့တစ်ခုလုံးအား သိမ်းပိုက်ရရှိရန် ဆက်လက်ထိုးစစ်ဆင်မည်ဖြစ်ကြောင်း AA က ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ခရီးသွားလုပ်ငန်းများဖြင့် ဝင်ငွေရရှိနေသည့် သံတွဲမြို့ကို စစ်ကောင်စီက အလွယ်တကူ ဆုံးရှုံးခံမည်မဟုတ်၍ မြို့အတွင်း၌ ခံစစ်အသေအချာ ပြင်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီဟာ သံတွဲမြို့နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေနဲ့ ဝင်ငွေတွေကို ဆုံးရှုံးမှာစိုးရိမ်တာကြောင့် မြို့မကျဆုံးဖို့ အသေအကြေခုခံနိုင်တဲ့အတွက် AA အနေနဲ့ ခက်ခဲမှုကတော့ ရှိနိုင်သေးတယ်” ဟု သူက ပြောသည်။

မြို့သိမ်းတိုက်ပွဲများအနက် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးဖြစ်၍ ခက်ခဲသည့် မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း AA က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

သံတွဲတွင် စစ်ကောင်စီ၏ ခမရ(၅၆၆)၊ ခလရ(၅၅) နှင့် မောင်ရွှေလေးရေတပ်စခန်းတို့ အခြေစိုက်တပ်စွဲထားသည်။

သံတွဲတိုက်ပွဲအတွင်း မကွေးတိုင်းရှိ ခြေမြန်တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်း (၁၀) ရင်း၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းမှ တပ်ရင်းများ၊ သံတွဲဒေသခံ ပြည်သူ့စစ်အချို့နှင့် တပ်မတော် (ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့လည်း ပူးပေါင်းတိုက်ခိုက်နေသည်။ 

လက်ရှိတွင် ထောင်အနီးတပ်စွဲထားသည့် စစ်ကောင်စီစခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ဇူလိုင် ၁၀ ရက်က ကျောက်ဆိပ်ကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရသွားသည်။

ဧပြီ ၁၃ ရက်မှစသည့် သံတွဲတိုက်ပွဲ သုံးလခန့်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးသူဦးရေ ၁၄၀ နီးပါးရှိနေသည်။