သံတွဲနှင့် မောင်တော တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေလဲ 

တိုက်ပွဲပြင်းထန်နေသော သံတွဲနှင့် မောင်တောဒေသသည် AA အတွက် စစ်ရေးမဟာဗျူဟာအရ အရေးပါပြီး အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပါက အားသာချက်များစွာ ရှိလာမည်လည်း ဖြစ်သည်။

By Admin 29 Jul 2024

သံတွဲတပ်ရင်းများကို သိမ်းပိုက်ပြီနောက် ငပလီကမ်းခြေတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ 
သံတွဲတပ်ရင်းများကို သိမ်းပိုက်ပြီနောက် ငပလီကမ်းခြေတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ 

DMG ၊ ဇူလိုင် ၂၉

အာရက္ခတပ်တော်(AA) က သံတွဲနှင့် မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေသည်မှာ ရက်တာကြာရှည်လာမှုနှင့်အတူ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
 
BNI - Myanmar Peace Monitor ၏ မှတ်တမ်းများအရ ဇူလိုင် ၃ ရက်မှ ၁၆ ရက်ထိ သံတွဲနှင့် မောင်တောတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ၂၁ ကြိမ်ထိဖြစ်ပွားခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၁၁ ခုအနက် တိုက်ပွဲအများဆုံးဖြစ်သည်။ 

မောင်တောမြို့နယ်ရှိ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားသော AA သည် မောင်တောမြို့ကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း တစ်ခုတည်းသော လက်ကျန်စခန်းနှင့်အတူ မောင်တောမြို့ မကျဆုံးရေး အင်အားဖြည့်တင်းကာ ခုခံနေသည်။ 

“မောင်တောမြို့မှာ ဒေသခံတွေရှိနေသေးတယ်။ အေအေက မောင်တောမြို့ နေရာတချို့ကို ဝင်ရောက်ထားပြီ။ မောင်တောမှာက နခခ ၅ တစ်ခုပဲရှိတော့တာ။ အေအေက ဝင်သိမ်းပိုက်လို့ရတယ်။ ဒါပေမဲ့ အရပ်သားတွေ ထိခိုက်မှာစိုးလို့ တဖြည်းဖြည်း ပိတ်ဆို့တိုက်ခိုက်နေတာ။ ဒါကြောင့်လည်း တိုက်ပွဲကကြာရှည်နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ‌မောင်တောမြို့ရှိဒေသခံများကို နည်းမျိုးစုံဖြင့် စည်းရုံးကာ လူသားဒိုင်းအဖြစ်အသုံးပြုပြီး မြို့ကို အကာအကွယ်ယူနေကြောင်း ၎င်းကဆက်ပြောသည်။ 

သံတွဲမြို့နယ်တွင်လည်း AA က ငပလီအခြေစိုက် တပ်ရင်းနှစ်ခုနှင့် မြို့ပေါ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်ရှိနေသေးသော မောင်ရွှေလေးရေတပ်ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။ 

စစ်ကောင်စီကလည်း စစ်ရေး၊ စီးပွားရေးအရ အရေးပါသော သံတွဲဒေသကို လက်မလွှတ်ရရေး ရေတပ်စခန်းတွင် စစ်အင်အား၊ လက်နက်အင်အားနှင့် ရိက္ခာဖြည့်တင်းပြီး ကမ်းခြေတစ်လျှောက် တန်ပြန်စစ်ဆင်ရေး ဆင်နွှဲနေသည်။ 
“သံတွဲလေဆိပ်ကျရှုံးမှုဟာ မြန်မာနိုင်ငံလက်နက်ကိုင်တော်လှန်ရေးမှာ ပထမဆုံးဖြစ်တယ်။ စစ်ကောင်စီအတွက် အရှက်ရမှုကြီးတစ်ခုဖြစ်တယ်။ နောက် သံတွဲမှာ စစ်ခေါင်းဆောင်မိသားစုနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ ဟိုတယ်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေက တစ်ပုံကြီးလည်း ဆုံးရှုံးရပြန်တယ်။ ဒါကြောင့် စစ်ကောင်စီက သိက္ခာအတွက်ရော၊ အကျိုးစီးပွားအတွက်ပါ ပြန်အဖက်ဆည်ဖို့ တန်ပြန်တိုက်ခိုက်နေတာဖြစ်တယ်” ဟု ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။ 

တိုက်ပွဲပြင်းထန်နေသော သံတွဲနှင့် မောင်တောဒေသသည် AA အတွက် စစ်ရေးမဟာဗျူဟာအရ အရေးပါပြီး အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပါက အားသာချက်များစွာ ရှိလာမည်လည်း ဖြစ်သည်။ 

စစ်ကောင်စီဘက်ကလည်း အဆုံးစွန်ထိ ခုခံမည့်အခြေအနေဖြစ်၍ နှစ်ဖက်တိုက်ပွဲမှာ ယခုထက်ပိုပြင်းလာမည်ဟု စစ်ရေးအကဲခတ်သူတို့က သုံးသပ်ကြသည်။ 

“မောင်တောနယ်စပ်ဒေသဟာ စီးပွားရေးအရရော၊ စစ်ရေးအရပါ အဓိကကျတယ်။ ဒီဒေသကို ထိန်းချုပ်နိုင်ရင် အေအေအတွက် အားသာချက်များစွာရှိတယ်။ သံတွဲဆိုရင်လည်း ဒီအတိုင်းပဲ။ သံတွဲမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရင် တောင်ကုတ်၊ ဂွ တို့ကို တိုက်ခိုက်ဖို့ လွယ်ကူသွားမယ်။ အေအေဟာ နယ်စပ်နှစ်ဖက်မှာ အထိုင်ယူပြီးမှ အမ်း၊ ကျောက်ဖြူတို့ကို သိမ်းဖို့ကြိုးပမ်းမယ်လို့ သုံးသပ်မိတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်ခဲ့သော ရခိုင်တိုက်ပွဲမှာ ၈ လကျော်ထိကြာမြင့်လာပြီး တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရသည်။