လက်နက်ကြီးကျ၍ မောင်တောဒေသခံ ၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အထက်ကံသာယာရွာကို စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

By Admin 29 Jul 2024

အထက်ကံသာယာကျေးရွာမှ ဒဏ်ရာရရှိသွားသူတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - ABN)
အထက်ကံသာယာကျေးရွာမှ ဒဏ်ရာရရှိသွားသူတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - ABN)

DMG ၊ ဇူလိုင် ၂၉

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အထက်ကံသာယာရွာကို စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

အထက်ကံသာကျေးရွာသည် မောင်တောမြို့တောင်ပိုင်း ၄ မိုင်ခန့်အကွာတွင်တည်ရှိပြီး ယမန်နေ့ (ဇူလိုင် ၂၈) မွန်းလွဲ ၂ နာရီကျော်အချိန် နခခ(၅)မြို့သူကြီးစခန်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“မနေ့က အဲဒီတပ်ရင်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ။ အဲဒီထဲက တစ်လုံးက ကျမတို့ရွာထဲမှာ ကျပါတယ်။ ရွာသား ၅ ယောက်ဒဏ်ရာရပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ နောက်တစ်ယောက်မှာ ဒဏ်ရာပြင်းပါတယ်” ဟု ပြောသည်။ 

ဒဏ်ရာရရှိသူများမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်းအောင်(၄၇)နှစ်၊ ဒေါ်မသန်းစိန်(၄၂) နှစ်၊ ဒေါ်ညိုမ (၇၃ )နှစ်၊ ဦးကျော်ဗန်းအောင်(၆၆)နှစ်နှင့် မဝါဆိုမိုး (၁၃)နှစ် တို့ဖြစ်ပြီး ဦးဘထွန်းအောင်နှင့် ဦးကျော်ဗန်းအောင် တို့မှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

မောင်တောဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော နခခ(၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော်(AA)က ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကုန်လုံးက နခခ(၅)ကို ဆုတ်ခွာသွားတာဆိုတော့ အဲဒီတပ်ရင်းမှာ တပ်အင်အား များသွားတာပေါ့။ အဲဒီတပ်ရင်းကို AA က ဝိုင်းရံပြီးတော့ တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲကတော့ နေ့တိုင်းလိုလို ပြင်းနေတယ်။ မြို့ထဲမှာလည်း တိုက်ပွဲဖြစ်တာ ရှိတယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် စစ်ရေးအရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြည်သူများအား ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားသေဆုံးဒဏ်ရာရရှိမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

DMG စာရင်းအရ ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်း ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနှင့် စစ်ကြောအတွင်း နှိပ်စက်ခံရမှုများကြောင့် အရပ်သား သေဆုံးဒဏ်ရာသူ ၁၃၆ ဦးအထိရှိခဲ့သည်။