စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု မောင်တောဒေသခံ ၃ ဦး ဒဏ်ရာရ 

မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ရေး အာရက္ခတပ်တော်က ဇွန်လ ၁၆ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။

By Admin 23 Aug 2024

ဩဂုတ်လ ၆ ရက်နေ့က မြင်တွေ့ရသော မောင်တောမြို့တွင်းတစ်နေရာ။ ဓာတ်ပုံ - Mohamed Rofique)
ဩဂုတ်လ ၆ ရက်နေ့က မြင်တွေ့ရသော မောင်တောမြို့တွင်းတစ်နေရာ။ ဓာတ်ပုံ - Mohamed Rofique)

DMG ၊ ဩဂုတ် ၂၃

တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့ကို စစ်ကောင်စီက ဩဂုတ်လ ၂၂ ရက် ညနေ ၃ နာရီအချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဝိမလရပ်ကွက်မှ ဦးဘလှ၊ ဦးထွန်းထွန်းနှင့် ဦးကျော်မောင်တို့မှာ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ 

“မနေ့က စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ မြို့ထဲကို ဗုံးကြဲခဲ့တာ။ တစ်လုံးက ဝိမလစာသင်ကျောင်းရှေ့က ဦးဘလှအိမ်မှာကျတယ်။ အဲဒီအိမ်မှာနေတဲ့ လူ ၃ ယောက် ဒဏ်ရာရသွားတာပါ။ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းပါတယ် ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းအပြင် မြို့မဈေးအနီးနှင့် ဝိမလရပ်ကွက်ရှိ နေအိမ်တချို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မီးလောင်ပျက်စီးမှုများရှိကြောင်း မောင်တောဒေသခံတစ်ဦးက ပြောသည်။

“မနေ့က မြို့မဈေးကြီးနဲ့ ဝိမလရပ်ကွက်က နေအိမ်တွေမှာ လက်နက်ကြီးကျပြီးတော့ နေအိမ်တွေ မီးလောင်ပျက်စီးတာရှိတယ်။ မြို့ထဲကို မဝင်ရဲလို့ ပျက်စီးမှုအရေအတွက်ကိုတော့ အတိအကျမသိသေးဘူး။ ဒီနေ့လည်း မြို့ထဲမှာ တိုက်ပွဲဖြစ်နေတယ်” ဟု ပြောသည်။

မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ရေး အာရက္ခတပ်တော်က ဇွန်လ ၁၆ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။ 

စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်းပစ်ကူများအပြင် ARSA၊ RSO၊ ARA လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး ခုခံလျက်ရှိသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးမှုများလည်း ရှိနေသည်။

ဩဂုတ်လ ၇ ရက်မှစ၍ AA သည် မောင်တောမြို့နှင့် အနီးအနားမှ ဒေသခံနှစ်သောင်းခန့်ကို တိုက်ပွဲကြားမှ ကယ်ထုတ်ထားသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိသူများလည်း ရှိနေသေးသည်။