ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံရသည့် စစ်တွေဒေသခံ ၄၀ ကျော်အမှု စတင်စစ်ဆေး 

မင်းဂံဒေသခံများအမှုကို စစ်တွေမြို့နယ်တရားရုံး၌ အကြိမ်ကြိမ်ရုံးချိန်းပြီးနောက် ဩဂုတ်လ ၂၁ ရက်နှင့် ၂၃ ရက်တွင် (၄) ကြိမ်မြောက်ရုံးထုတ်စဉ် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ 

By Admin 24 Aug 2024

စစ်တွေမြို့တွင်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီ အချုပ်ကားတစ်စီး။ (File Photo)
စစ်တွေမြို့တွင်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီ အချုပ်ကားတစ်စီး။ (File Photo)

DMG ၊ ဩဂုတ် ၂၄ 

အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၄၀ ကျော်အမှုကို စတင်စစ်ဆေးနေပြီဟုသိရသည်။ 

မင်းဂံဒေသခံများအမှုကို စစ်တွေမြို့နယ်တရားရုံး၌ အကြိမ်ကြိမ်ရုံးချိန်းပြီးနောက် ဩဂုတ်လ ၂၁ ရက်နှင့် ၂၃ ရက်တွင် (၄) ကြိမ်မြောက်ရုံးထုတ်စဉ် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ 

“လိုပြသက်သေတွကို စစ်ခဲ့တယ်လို့ သိရတယ်။ စစ်ရေးကာလဖြစ်လို့ တရားရုံးကလည်း အမှုကို အမြန်ဆုံး စစ်ဆေးနေတယ်လို့ သိရတယ်။ ကျမတို့က အမှုစစ်နေပြီလို့ပဲ သိရတယ်။ ကျန်တာတော့ မသိရဘူး” ဟု မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇွန် ၁၆ ရက်တွင် မင်းဂံအကွက် ၅၊ ၈၊ ၉၊ ၁၀ တို့ကို စစ်ကောင်စီက ဝင်ရောက်ပြီး ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးသွားပြီးနောက် အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ဒေသခံ ၄၀ ကျော်ကို ဆက်လက်ဖမ်းဆီးကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူများထဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် သက်ကြီးပိုင်းတို့လည်း ပါဝင်သည်။  

“ကျနော့်သူငယ်ချင်းလည်းပါသွားတယ်။ သူ့ကို ၁၇ (၁) နဲ့ အမှုဖွင့်ထားတာ။ သူဆိုရင် ဘေးတွဲဆိုင်ကယ် မောင်းပြီး မိသားစုစားသောက်ရေးဖြေရှင်းနေတာ။ ညအချိန်ဝင်လာပြီးဖမ်းသွားတာ ဘာမှန်းမသိလိုက်ဘူး။ သူကဘာအပြစ်မှလည်း မရှိသလို ဘယ်အဖွဲ့နဲ့မှလည်း ပတ်သက်တာမရှိဘူး‌” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

စစ်တွေမြို့တွင် စစ်ကောင်စီသည် လမ်းခရီးသွားလာခွင့် ပိတ်ဆို့ကာ လုံခြုံရေးတင်းကျပ်ထားပြီး ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်းအကြောင်းပြ၍ ဖမ်းဆီးငွေညှစ်မှု၊ ပုဒ်မအမျိုးမျိုးတပ်ပြီး အရေးယူမှုများ လုပ်ဆောင်နေ၍ ဒေသခံများမှာ စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်နေကြရသည်။ 

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “လူမသိသူမသိ ဖမ်းဆီးခံရသူတွေလည်း အများကြီးရှိပါတယ်။ မြို့ထဲမှာ နေနေရတာက စစ်ကောင်စီဆီမှာ ဘယ်နေ့ အဖမ်းခံရမလဲဆိုတဲ့ စိတ်နဲ့နေနေရတယ်။ အပြစ်မရှိရင်လည်း လုံခြုံမှုမှုမရှိဘူး” ဟု ပြောသည်။  

DMG စာရင်းအရ စစ်တွေမြို့နယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ နှစ်လတာအတွင်း စစ်ကောင်စီက ဒေသခံ ၇၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ ၃၀၀ ခန့်သာ ပြန်လွတ်လာသေးသည်။