မောင်တော အောင်ဗလရွာကို စစ်ကောင်စီနှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံ မီးရှို့ပြန်

စစ်ကောင်စီတပ်နှင့် ARSA ၊ ARA ၊ RSO တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က ကျေးရွာသအတွင်း ဝင်ရောက်မီးရှို့သွား၍ နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း DMG ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

By Admin 14 Jul 2024

၂၀၂၄ ခုနှစ်၊ မေလအတွင်းက မောင်တောမြို့နယ်တွင် နေအိမ်များအား ဖောက်ထွင်းပြီးနောက် မီးရှို့ဖျက်ဆီးနေကြသော လက်နက်ကိုင်မွတ်ဆလင်များ။ 
၂၀၂၄ ခုနှစ်၊ မေလအတွင်းက မောင်တောမြို့နယ်တွင် နေအိမ်များအား ဖောက်ထွင်းပြီးနောက် မီးရှို့ဖျက်ဆီးနေကြသော လက်နက်ကိုင်မွတ်ဆလင်များ။ 

DMG ၊ ဇူလိုင် ၁၄ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်ဗလ (ရခိုင်) ကျေးရွာကို စစ်ကောင်စီနှင့်  လက်နက်ကိုင်မွတ်ဆလင် ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းတွင် ထပ်မံလာရောက် မီးရှို့သွားကြောင်း သိရသည်။  

စစ်ကောင်စီတပ်နှင့် ARSA ၊ ARA ၊ RSO တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က ကျေးရွာသအတွင်း ဝင်ရောက်မီးရှို့သွား၍ နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း DMG ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“ မနက် ၁၁ နာရီက နောက်ဆုံးသိရသလောက်ကတော့ နေအိမ်ငါးလုံးထက်မနည်း မီးလောင်နေတာ။ အခုဆိုရင် နေအိမ်မီးလောင်တဲ့အရေအတွက် ပိုများနေလောက်ပြီ။ အခုက ဒုတိယအကြိမ် မီးရှို့ခံရတာ” ဟု သူက ပြောသည်။ 

ယင်းအပြင် ယနေ့ နံနက်ပိုင်းက အောင်ဗလကျေးရွာကို မောင်တောမြို့နယ်၊ ကညင်ချောင်း စီးပွားရေးဇုန်အနီးရှိ စစ်ကောင်စီ နေဗီကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်က ကျေးရွာသားအချို့ကို ဖမ်းဆီးသွားသလို ရွာသားအချို့ကို ပစ်ခတ်သွား၍ သေဆုံးသွားသူများရှိကြောင်း သိရှိရသော်လည်း DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။  

ဇူလိုင် ၁၁ ရက်ကလည်း စစ်ကောင်စီတပ်နှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ၅၀ ထက်မနည်းမှာ အောင်ဗလကျေးရွာသို့ ဝင်ရောက်ကာ လူနေအိမ်များအား မီးရှို့ခဲ့၍ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်။ 

“အဲဒီရွာက ဒေသခံတွေဟာ အေအေကို သတင်းပို့တယ်ဆိုပြီး လက်နက်ကိုင်မွတ်ဆလင်တွေက စစ်တပ်ကို သွားပြောလို့ အဲဒီရွာကို ပစ်မှတ်ထား လုပ်နေတာ။ အခုဆိုရင် ရွာသားတွေလည်း ထွက်ပြေးကြကုန်ပြီ။ ဆက်မနေရဲကြတော့ဘူး” ဟု မောင်တောဒေသခံ တစ်ဦးက ပြောသည်။  

စစ်ကောင်စီက မီးရှို့မှုကြောင့် အောင်ဗလကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဆိုပါကျေးရွာသည် မောင်တောမြို့မှ ကညင်ချောင်းစီးပွားရေးဇုန်သို့ သွားသည့်လမ်းတွင် မြို့နှင့်ကပ်လျက် တည်ရှိသည်။

လက်ရှိ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နခခ (၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေသည်။

ဗီဒီယိုများ