ရခိုင်ပြည်နယ်အတွင်း COVID-19 ဆိုင်ရာ စည်းကမ်းများကို လိုက်နာမှုအားနည်းနေပြီး ဌာနဆိုင်ရာများအနေဖြင့် အထူးကြပ်မတ်ရန်လိုအပ်နေ

လက်ရှိတွင်ဖြစ်ပွားနေသော COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် COVID-19 ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာမှုအားနည်းချက်ရှိနေပြီး ဌာနဆိုင်ရာများအနေဖြင့်လည်း အထူးကြပ်မတ်ပေးရန် လိုအပ်နေကြောင်း ထောက်ပြ ပြောဆိုမှုများရှိနေသည်။

14 Jul 2021

DMG ၊ ဇူလိုင် ၁၄

လက်ရှိတွင်ဖြစ်ပွားနေသော COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် COVID-19 ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာမှုအားနည်းချက်ရှိနေပြီး ဌာနဆိုင်ရာများအနေဖြင့်လည်း အထူးကြပ်မတ်ပေးရန် လိုအပ်နေကြောင်း ထောက်ပြ ပြောဆိုမှုများရှိနေသည်။

ရခိုင်ရှိ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ညွှန်ကြားထားကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇူလိုင်လ ၁၀ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သော်လည်း လက်ရှိတွင် ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိသေးကြောင်း ဒေသခံများနှင့် အရပ်ဘက်အဖွဲ့စည်းများက ဆိုကြသည်။

လက်ရှိ COVID-19 ရောဂါပိုးတွေ့လူနာ များပြားနေသော စစ်တွေမြို့တွင် ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် Mask တပ်ဆင်မှုများရှိသော်လည်း အခြားစည်းမျဉ်းစည်းကမ်းများဖြစ်သည့် လူစုလူဝေးမပြုလုပ်ရန်၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်ရောင်းချရန်တို့ကို လိုက်နာဆောင်ရွက်မှု အားနည်းနေသေးကြောင်း ရခိုင်မျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကဆိုသည်။

“အထူးသဖြင့် အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ COVID စည်းကမ်းနဲ့အညီ ရောင်းချတာတွေ လုံးဝမတွေ့ရဘူး။ ဒီလိုမျိုးအရာတွေကို ကြပ်မတ်မယ့် ဌာနဆိုင်ရာတွေအနေနဲ့ ပိုပြီးထိထိရောက်ရောက် ကြပ်မတ်တာတွေလုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် COVID-19 ရောဂါပိုးတွေ့လူနာအများဆုံးဖြစ်သည့် မောင်တောမြို့နယ်တွင်လည်း ပြည်သူများအနေဖြင့် COVID -19 ကာကွယ်ရေးဆိုင်ရာစည်းမျဉ်းများကို လိုက်နာမှုများစွာ အားနည်းနေသေးကြောင်း မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ဇူလိုင် ၁၃ ရက်နေ့တွင် DMG သို့ ပြောသည်။

“လူတွေက ကျန်းမာရေးဝန်ထမ်းတွေကို တွေ့တော့မှ နှာခေါင်းစည်းတပ်တာမျိုးတွေ တွေ့နေရတယ်။ ကျန်တဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကတော့ သူတို့လုပ်စရာရှိတာ လုပ်နေကြတာတော့ တွေ့တယ်” ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် COVID-19 ရောဂါကြောင့် ဆက်တိုက်ဆိုသလို သေဆုံးမှုရှိလာနေသည့် သံတွဲမြို့နယ်တွင်လည်း ပြည်သူများအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု အနည်းငယ်သာရှိနေသေးကြောင်း သိမ်ကုန်းဆရာတော် အရှင်ဆေကိန္ဒက ဇူလိုင် ၁၃ ရက်နေ့က မိန့်ဆိုသည်။

“အချို့ပြည်သူတွေက ဒီရောဂါကို နိုင်ငံရေးလှည့်ကွက်/ကစားကွက် တစ်ခုလိုမျိုး အခုထိမြင်နေကြသေးတယ်။ ခုနောက်ပိုင်း Mask တပ်တာတော့ နည်းနည်းပါးပါးရှိလာပေမယ့် သိပ်အလေးထာတာမတွေ့ရသေးဘူး။ ဌာနဆိုင်ရာတွေကတော့ မနေ့ကစပြီး သံတွဲမှာ ဆိုင်တွေကို ပါဆယ်စနစ်နဲ့ရောင်းဖို့ ညွှန်ကြားထားတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ထို့အတူ ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့တွင်လည်း နှာခေါင်းစည်းတပ်သူမရှိသလောက် နည်းပါးနေပြီး သက်ဆိုင်ရာမှလည်း အရေးယူမှုများ မလုပ်ဆောင်သေးသည်ကို တွေ့ရှိရကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး (MUYA)မှ ဥက္ကဋ္ဌဖြစ်သူ ကိုခိုင်မင်းသျှင်က ဆိုသည်။

“မြောက်ဦးမှာဆိုရင် Mask တပ်တဲ့လူက ၁ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ကျန်တဲ့သူတွေက ပုံမှန်အတိုင်းအေးဆေးသွားနေကြတာ။ စားသောက်ဆိုင်တွေဆိုလည်း ပုံမှန်အတိုင်းပဲ ဖွင့်နေကြတာ။ ဌာနဆိုင်ရာတွေကလည်း ဘာမှအရေးယူလုပ်ဆောင်တာမျိုးမတွေ့ရဘူး” ဟု သူကပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့(ULA)ကလည်း ရခိုင်ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပွားနေသော COVID-19ရောဂါပိုးနှင့် ပတ်သက်၍ သတိကြီးစွာထားကြရန်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ၊ ဒေသန္တရအမိန့်များကို တသွေမတိမ်းလိုက်နာကြရန် ဇူလိုင်လ ၅ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။