နခခ (၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချအညံ့ခံရန် AA သတိပေး

မောင်တောမြို့ထဲတွင် နေရာယူထားသည့် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များကို AA က ရှင်းလင်းထားပြီးဖြစ်ကာ မြို့အဝင်လမ်းပေါ်ရှိ  နခခ(၅) မှ တပ်ဖွဲ့ဝင်များကို လက်နက်ချအညံ့ခံရန် အကြောင်းကြားထားခြင်းဖြစ်သည်။

By Admin 26 Aug 2024

ဩဂုတ်လ ၂၃ ရက်တွင် AA ထံ လက်နက်ချအညံ့ခံလာသော မောင်တောမြို့မရဲစခန်းမှ ဒုရဲမှူး၊ ရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
ဩဂုတ်လ ၂၃ ရက်တွင် AA ထံ လက်နက်ချအညံ့ခံလာသော မောင်တောမြို့မရဲစခန်းမှ ဒုရဲမှူး၊ ရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဩဂုတ် ၂၆

မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်တော့မည်ဟု ဩဂုတ်လ ၂၄ တွင် ကြေညာခဲ့သော အာရက္ခတပ်တော်သည် နခခ (၅) မြို့သူကြီးတပ်စခန်းရှိ စစ်ကောင်စီနှင့်အပေါင်းပါများကို လက်နက်ချအညံ့ခံကြရန် သတိပေးထားကြောင်း သိရသည်။

မောင်တောမြို့ထဲတွင် နေရာယူထားသည့် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များကို AA က ရှင်းလင်းထားပြီးဖြစ်ကာ မြို့အဝင်လမ်းပေါ်ရှိ  နခခ(၅) မှ တပ်ဖွဲ့ဝင်များကို လက်နက်ချအညံ့ခံရန် အကြောင်းကြားထားခြင်းဖြစ်သည်။

မောင်တောမြို့မှ DMG သတင်းရင်းမြစ်တစ်ဦးက “မောင်တောမြို့ထဲကို AA ထိန်းချုပ်ထားပြီ။ မြို့ထဲမှာ စစ်ကောင်စီနဲ့ ARSA အဖွဲ့တွေ မရှိတော့ဘူး။ အကုန်လုံး နခခ(၅)ကို ဝင်ပြေးသွားတယ်။ ဝင်ပြေးလို့ မရလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြစ်နားကမ်းစပ်တွေမှာ AA က ဖမ်းမိရထားတာ။ အခု သူတို့ကို AA က လက်နက်ချဖို့ လော်စပီကာတွေနဲ့ အော်ပြီးတော့ အသိပေးနေတာ” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါစခန်းအနီး တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှု နေ့စဉ်ရှိနေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ AA ထံတွင် လက်နက်ချအညံ့ခံလိုသော်လည်း ARSA နှင့် ပူးပေါင်းအဖွဲ့များက လက်နက်မချရန် ဖိအားပေးမှုကြောင့် သဘောထားကွဲလွဲမှုရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ် နောက်တစ်ဦးက ပြောသည်။ 

“အခု နခခ(၅)အတွင်းမှာ  စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ချချင်တယ်။ ဒါပေမယ့် ARSA အဖွဲ့နဲ့ မွတ်ဆလင် တွေက ‘လက်နက်ချရင် ပစ်သတ်မယ်’ဆိုပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်တာရှိတယ်လို့ သိရတယ်။ အခုဆွေးနွေးနေတုန်း။ သူတို့အချင်းချင်း ပြဿနာဖြစ်နေကြတယ်လို့ သိရတယ်” ဟု သူက ပြောသည်။

မောင်တော မြို့တွင်းတိုက်ပွဲကို AA က ဩဂုတ်လ ၄ ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့ပြီး ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာပြီးဖြစ်သည်။ မြို့တွင်းခံစစ်ပြင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များ၊ ARSA၊ RSO၊ ARA အဖွဲ့များသည် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးနေကြောင်း AA က ထုတ်ပြန်ထားသည်။ 

“မောင်တောတိုက်ပွဲဟာ AA အတွက် အလွန်ခက်ခဲတဲ့ အနေအထားမြင်ရတယ်။ မိုးရာသီဖြစ်တာကြောင့် အချိန်ကြာနေတာဖြစ်သလို၊ စစ်ကောင်စီတစ်ခုတည်းမဟုတ်ဘဲ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေ ပါဝင်နေတော့ စစ်ကောင်စီက အင်အားကြီးသွားတယ်။ မွတ်ဆလင်ပြည်သူတွေ အများကြီးရှိနေတော့ AA က ထိန်းထိန်းသိမ်းသိမ်း လုပ်ရတာပေါ့လေ။ ပြီးတော့ AA ကို အပြစ်မြင်နေကြတဲ့ ပြည်ပနေမွတ်ဆလင်အုပ်စုနဲ့ တခြားအဖွဲ့တွေလည်း ရှိနေပြန်တယ်” ဟု ဘူးသီးတောင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း AA သည် သံတွဲမြို့နယ်ရှိ လက်ကျန်စခန်းဖြစ်သော မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ်၊ ကျိန္တလီ စသည့်နေရာများကို တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။ ၂၀၂၃ နိုဝင်ဘာလမှ စတင်သည့် ရခိုင်စစ်ပွဲအတွင်း AA သည် ရခိုင်နှင့် ချင်းပြည်နယ်မှ မြို့နယ် (၁၀) ခုကို သိမ်းပိုက်ထိန်းချုပ်ထားသည်။