- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် အောက်ဆီဂျင်အလုံအလောက်ရှိပြီး စိုးရိမ်စရာမရှိဟု ပြောဆိုခဲ့သည့် ပြည်နယ်ကောင်စီ ဝေဖန်ခံနေရ
ရခိုင်ပြည်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် အောက်ဆီဂျင် အလုံအလောက်ရှိပြီး စိုးရိမ်စရာမရှိဟု ပြောဆိုခဲ့သည့် ရခိုင်ပြည်နယ်စစ်ကောင်စီကို (Faecbook) လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများမြင့်တက်နေသည်။
21 Jul 2021
DMG ၊ ဇူလိုင် ၂၁
ရခိုင်ပြည်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် အောက်ဆီဂျင် အလုံအလောက်ရှိပြီး စိုးရိမ်စရာမရှိဟု ပြောဆိုခဲ့သည့် ရခိုင်ပြည်နယ်စစ်ကောင်စီကို (Faecbook) လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများမြင့်တက်နေသည်။
ပြည်နယ်စစ်ကောင်စီမှ အောက်ဆီဂျင်လုံလောက်မှုရှိကြောင်း ပြောဆိုခဲ့သော်လည်း လက်ရှိမြေပြင် အခြေအနေတွင် အောက်ဆီဂျင်မလုံလောက်မှုကို စစ်တွေမြို့အပါအဝင် တခြားသောမြို့နယ်များတွင် တွေ့နေရကြောင်း ရခိုင်အရပ်ဖက်အဖွဲ့များနှင့် ပြည်သူများက ဝေဖန်ကြသည်။
“ကိုဗစ်က ရခိုင်မှာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတာကို တွေ့ရတယ်။ ဒီလိုမျိုးဆိုးလာတဲ့ အခြေအနေမှာ အဓိက အောက်ဆီဂျင်ပြတ်တောက်မှုဖြစ်တာကိုပဲ မြင်နေရတယ်။ အခုဆိုရင်လည်း စစ်တွေဆေးရုံကြီးမှာ အောင်ဆီဂျင် ပြတ်တောက်မှုနဲ့ ဖြစ်နေကြတဲ့လူတွေအများကြီးဆိုတာ မြင်နေရတယ်။ ကြားနေရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ ဘာမှ (အာဏာပိုင်တွေ)က လုပ်မပေးနိုင်ဘူး ” ဟု ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ကိုသန်းလှက ပြောသည်။
ရခိုင်ရှိ မြို့နယ်တိုင်းတွင် အောက်ဆီဂျင်ဘူးအလုံအလောက်ရှိအောင် လုပ်ဆောင်ထားသည့်အတွက် ပြည်သူများ အနေဖြင့် အထူးစိုးရိမ်စရာမလိုကြောင်း၊ ပြည်နယ်အစိုးရ လက်ထဲတွင် နှာခေါင်းစည်း (Mask) ၁၀ သိန်းခန့် ရှိသည့်အတွက် ပြတ်လပ်သွားမည်ကို စိုးရိမ်စရာမလိုကြောင်း ဇူလိုင် ၁၄ ရက်နေ့က သတင်းစာရှင်း လင်းပွဲတွင် ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောဆိုခဲ့သည်။
အလားတူ ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကလည်း ၎င်း၏ (Faecbook) လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ကိုဗစ်ပိုးတွေ့လူနာများကို အောက်ဆီဂျင်လုံလောက်စွာပေးထားပြီး စိုးရိမ်ရန်မလိုအကြောင်း ပြောဆိုချက်များနှင့်ပတ်သတ်ပြီး ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ကိုသန်းလှက ယခုကဲ့သို့ ပြောသည်။
“သူတို့က အောက်ဆီဂျင်အလုံအလောက်ရှိတယ်၊ စိုးရိမ်ဖို့မလိုဘူး။ အဲလိုပုံစံမျိုးတွေပြောတဲ့အခါမှာ အခုလက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေကို သူတို့ဘာမှ မပြောနိုင်ဘူး။ ဘာမှလည်း ကုစားမပေးနိုင်ဘူး။ အဲလိုမျိုးအခြေအနေကို သုံးသပ်ကြည့်ခြင်းအားဖြင့် လက်ရှိအခြေအနေနဲ့ ဖြစ်လာမယ့် အခက်အခဲပြဿနာတွေကို သူတို့ရှေ့မှာ ကြိုပြီးမတွေးထားဘူးလား။ သူတို့ပြောထားခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေ၊ သူတို့ရဲ့ (Facebook) စာမျက်နှာမှာ ပြောခဲ့တဲ့စကားတွေကို ဒါကိုကြိုပြီးတော့ ပြောတာမဟုတ်ဘူးလား။ သူတို့ဟာ စစ်ကောင်စီရဲ့ အလိုပါ၊ အလိုကျပြောဖို့အတွက်ကို ပြောတာလား။ ဒါမှမဟုတ် သူတို့မှာ လက်ဆုပ်လက်ကိုင်ဘာမှမရှိဘဲ ပြည်သူတွေကို အဲလိုမျိုးလိမ်နေတာလားဆိုတာကို မေးခွန်းထုတ်စရာဖြစ်တယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် အောက်ဆီဂျင်လုံလောက်မှုရှိသည့်အတွက် စိုးရိမ်စရာမရှိကြောင်း ပြောဆိုခြင်းသည် ပြည်နယ် စစ်ကောင်စီအနေဖြင့် ပကတိမြေပြင်အခြေအနေကို မသိရှိသည့်အပြင် ကြိုတင်တွက်ဆမှုနည်းသည့်အတွက်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။
“သူတို့တွေက အောက်ဆီဂျင်လုံလောက်မှုရှိပါတယ်။ သိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ပြောတာပေါ့။ လောလောဆယ် အခြေအနေအရ ပြောတာပါ။ ဒီထက်ဆိုးလာရင်တော့ တစ်မျိုးဖြစ်မှာလို့ ပြောတာပေါ့။ အဲတော့ သူတို့ပြောဆိုတဲ့ အခြေအနေမှာ ဘာကိုတွေ့လိုက်လဲဆိုရင် သူတို့အနေနဲ့ ပဂတိဖြစ်နေတဲ့မြေပြင်အခြေအနေကို မသိတဲ့အပြင်ကို ရှေ့မှာ ဖြစ်လာနိုင်ခြေ ရှိတဲ့ အန္တရာယ်တွေကိုလည်း ကြိုတင်တွက်ဆမှုတွေနည်းပြီးတော့ ဒီစစ်ကောင်စီ ဘက်ကနေပြီးတော့ သူတို့မှာရှိတဲ့ သဘောထား အာဘော်ကိုလိုက်ပြီးပဲ ပြောနေတယ်လို့သုံးသပ်ရတယ်” ဟု သူကဆိုသည်။
သို့သော် အောက်ဆီဂျင်မလုံလောက်ဆိုသည့်သတင်းများမှာ အဖျက်သဘောဆောင်သည့် သတင်းများသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြည်နယ် ပြန်/ဆက်နှင့် အင်တာဗျုးတွင် ဖြေကြားထားသည်။
“အောက်ဆီဂျင် မလုံလောက်ဘူးဆိုပြီး အရပ်သတင်းတွေက အဖျက်အမှောင့် သဘောဆောင်တယ်။ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘုတ်၊ အွန်လိုင်း တွေမှာ အစိုးရကို ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ ထုတ်လွှင့်မှုတွေရှိနေတယ်။ ပြည်သူတွေကို ထိတ်လန့်အောင် မမှန်မကန် သတင်းတွေနဲ့ သောကတွေ မပေးသင့်ဘူး။ ကျနော်တို့က အမှန်ကို ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်” ဟု ဦးလှသိန်းက ပြောသည်။
ယင်းအပြင် လက်ရှိအောက်ဆီဂျင်ထုတ်လှုပ်မှုမှာလည်း စစ်တွေဆေးရုံတွင် တစ်နေ့ အိုးကြီး (၆၀)၊ ကျောက်ဖြူဆေးရုံတွင် အိုးကြီး (၄၀)၊ မောင်တောဆေးရုံနှင့် သံတွဲဆေးရုံတို့တွင် အိုးကြီး (၃)လုံးစီ၊ တပ်မတော်စစ်ဆေးရုံ (စစ်တွေ)တွင် အိုးကြီး (၁၂)အိုး၊ အမ်းစစ်ဆေးရုံတွင် (၁၀)အိုး ထုတ်လှုပ်နေကြောင်း ဖြေဆိုထားသည်။
ပြည်နယ်စစ်ကောင်စီမှ ယင်းသို့ပြောဆိုထားသော်လည်း ယမန့်နေ့ ဇူလိုင် ၁၉ ရက်နေ့က တောင်ကုတ်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီး(၂)ဦးမှာ အောက်ဆီဂျင်ပြတ်သွားသည့်အတွက် သေဆုံးသွားခဲ့သည်။
ရခိုင်ပြည်တွင် ဇူလိုင်လ ၁၉ ရက်နေ့အထိ COVID-19 ပိုးတွေ့ရှိသူ ၁၅၄၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၆၂ ဦးနှင့် သေဆုံးသူ ၅၄ ဦးအထိ ရှိလာနေပြီဖြစ်သည်။