ရေဘေးဒုက္ခကြောင့် မြန်မာပြည်သူများ အကူအညီလိုအပ်မှု ပိုမိုဆိုးဝါးစေကြောင်း ကုလပြော

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ဒေါ်မသိန်းဟန်က “ကျမတို့မှာ အရင်းအများကြီးထည့်ပြီး စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ရေကြီးလို့ ပျက်စီးသွားပြီ။ အိမ်မှာ လှောင်ထားတဲ့ စပါးတွေလည်း ဆုံးရှုံးရတယ်” ဟု ပြောသည်။

By Admin 17 Aug 2024

ဩဂုတ်လ ၃ ရက်နေ့ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း။ 
ဩဂုတ်လ ၃ ရက်နေ့ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း။ 

DMG ၊ ဩဂုတ် ၁၇

မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်းမှစ၍ နိုင်ငံတဝန်းလုံးတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့သဖြင့် ဒေသခံများ၏ ရှိရင်းစွဲ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် ပိုမိုဆိုးဝါးသွားစေသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ယနေ့ထုတ်ပြန်သည်။

ရခိုင်၊ ကချင်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီ ဒေသခံများမှာ ရေဘေးသင့်ခဲ့ကြပြီး လက်ရှိအချိန်တွင် လူသားချင်းစာနာ အကူညီထောက်ပံ့မှုများ လိုအပ်နေခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ရေဘေးသင့်ပြည်သူ ဦးရေ ၃၉၃,၀၀၀ အထိ ရှိခဲ့ကြောင်း UNOCHA  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ဒေါ်မသိန်းဟန်က “ကျမတို့မှာ အရင်းအများကြီးထည့်ပြီး စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ရေကြီးလို့ ပျက်စီးသွားပြီ။ အိမ်မှာ လှောင်ထားတဲ့ စပါးတွေလည်း ဆုံးရှုံးရတယ်” ဟု ပြောသည်။

လတ်တလောဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံအနှံ့ပြည်သူ သုံးသန်းမှာလည်း မိုးရာသီအတွင်း အမိုးအကာများမရှိဘဲ နေထိုင်ကြရကြောင်း ကုလက ထုတ်ပြန်သည်။

နိုင်ငံတစ်ဝန်းအကူအညီပေးရန် လျာထားသည့် လူဦးရေ ၅ ဒသမ ၃ သန်းအနက် ၂၀၂၄ ပထမနှစ်ဝက်အတွင်း နေရပ်စွန့်ခွာသူ ၁ ဒသမ ၂ သန်းအပါအဝင် လူဦးရေ ၂ ဒသမ ၁ သန်းအား အကူအညီပေးခဲ့ကြောင်း ဆိုသည်။ 

ယင်းအပြင် ယခုနှစ် ရှစ်လတာအတွင်း လူသားချင်းစာနာမှု လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းအရ လိုအပ်ချက်၏ ၂၁ ဒသမ ၁ ရာခိုင်နှုန်းမျှသာရရှိထားပြီး လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက တိုးမြှင့်ကူညီပေးနိုင်ရန် အရေးပေါ်လိုအပ်နေသည်။