စစ်တွေမြို့အဝင် ပါဒလိတ်ရွာတွင် စစ်ကောင်စီ ခံစစ်အခိုင်အမာ ပြင်ဆင်

လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် သံတွဲနှင့် မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး၊ မောင်တောမြို့ကို သိမ်းပိုက်နိုင်ခဲ့လျှင် စစ်တွေမြို့ကို ထိုးစစ်ဆင်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ထားကြသည်။ 

By Admin 02 Sep 2024

ပါဒလိပ်ကျေးရွာအနီး စစ်တွေတပ်နယ်တွင် သွားလာနေသော စစ်ကောင်စီကားတစ်စီး။ (File Photo/ July 2023)
ပါဒလိပ်ကျေးရွာအနီး စစ်တွေတပ်နယ်တွင် သွားလာနေသော စစ်ကောင်စီကားတစ်စီး။ (File Photo/ July 2023)

DMG ၊ စက်တင်ဘာ ၂

အာရက္ခတပ်တော်(AA) ထိုးစစ်ကို ခုခံရန်အတွက် စစ်ကောင်စီသည် စစ်တွေမြို့အဝင် ပါဒလိတ်ရွာပတ်ပတ်လည်၌ ဘတ်ဟိုးများဖြင့် ကတုတ်ကျင်းများတူးကာ ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။ 

ပါဒလိတ်တွင် စစ်ကောင်စီ၏ ခမရ ၂၃၂၊ ခမရ ၃၄၄ တပ်ရင်းနှင့် ပညာရေး (၁၀) လေ့ကျင့်ရေးတပ်တို့ရှိပြီး ဩဂုတ်လမှ၍ စစ်အင်အားတိုးချဲ့ကာ ကတုတ်ကျင်းများ တူးနေခြင်းဖြစ်သည်။ 

“ဘတ်ဟိုးတွေနဲ့ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေလုပ်ပြီး ခံစစ်တည်ဆောက်နေတာတွေရှိတယ်။ အထူးသဖြင့် ရသေ့တောင်မြို့နယ်ဖက်က AA တွေဝင်တိုက်မှာကို ကြောက်ပြီးတော့ မြစ်ကမ်းနားတွေမှာ ကတုတ်ကျင်းတွေ တူးနေတာ” ဟု ပါဒလိတ်ကျေးရွာသားတစ်ဦးက ပြောသည်။

ပါဒလိတ်ရွာတွင် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ရပ်ကွက် (၄) ခုဖြင့် ဖွဲ့စည်းထားသည်။ ရပ်ကွက် (၁) နှင့် ရပ်ကွက် (၄) မှ ဒေသခံများကို ဩဂုတ်လဆန်းပိုင်းမှစ၍ ပြောင်းရွှေ့ခိုင်းထားပြီး ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) ဒေသခံများကို ထပ်မံပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။ 

“ရွာမှာကျန်နေသေးတဲ့ လူတွေကို စစ်ကောင်စီက ကိုယ့်အိမ်မှာကိုယ်နေခွင့်မပေးဘူး။ ရပ်ကွက် (၁) ကလူကို ရပ်ကွက်(၄)မှာ နေခိုင်းတယ်၊ ရပ်ကွက် (၂) ကလူကို ရပ်ကွက် (၃) မှာ နေထိုင်းတယ်၊ အားလုံးပြောင်းပြန်သတ်ပြီး နေခိုင်းတာ။ ရွာကလူတွေက လွတ်မြောက်နယ်မြေတွေမှာ တိမ်းရှောင်နေကြတယ်။ တချို့ကတော့ ကျန်နေသေးတယ်” ဟု ပါဒလိတ်ကျေးရွာမှ တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် ဩဂုတ် ၂၉ ရက်u စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ဒေသတွင်းလုံခြုံရေး အစီအမံများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ 

ပါဒလိတ်ရွာသည် ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) တည်ရှိရာ စစ်တွေမြို့အတွက် ပထမဆုံးခံတပ်ဖြစ်ပြီး AA က စစ်တွေမြို့သို့ အလွယ်တကူ မဝင်ရောက်နိုင်အောင် ခံစစ်အခိုင်အမာပြင်ဆင်နေခြင်းဟု ရှုမြင်ကြသည်။ 

“ပါဒလိတ်မှာရှိတဲ့ တပ်ရင်းတွေဟာ AA က စစ်တွေကို တိုက်ခိုက်မယ်ဆိုရင် ပထမဆုံးတိုက်ခိုက်ရမယ့် တပ်ရင်းတွေဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီက ခံတပ်ကို အခိုင်အမာလုပ်နေတာ” ဟု ရခိုင်စစ်ရေးလေ့လာသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် သံတွဲနှင့် မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး၊ မောင်တောမြို့ကို သိမ်းပိုက်နိုင်ခဲ့လျှင် စစ်တွေမြို့ကို ထိုးစစ်ဆင်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ထားကြသည်။ 

ပင်လယ်ကျွန်းမြို့ စစ်တွေတိုက်ပွဲမှာ နှစ်ဖက် အားနည်းချက်၊ အားသာချက်များ ရှိနေပြီး AA ၏ စစ်ရေးဗျူဟာကို အားလုံးက စိတ်ဝင်စားနေကြသည်။