သံတွဲတွင် ပိုးတွေ့လူနာ ၅ ဦးနှင့် ကွာရတင်းထားသူ ၂၇ ဦးတို့ ဆေးရုံမှဆင်းခွင့်ရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၅ ဦးနှင့် ကွာရတင်းထားရှိသူ ၂၇ ဦးတို့မှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

04 Jul 2021

DMG ၊ ဇူလိုင် ၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၅ ဦးနှင့် ကွာရတင်းထားရှိသူ ၂၇ ဦးတို့မှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ထိုသို့ ဆေးရုံဆင်းခွင့်ရရှိသူများမှာ သံတွဲမြို့နှင့် ငပလီတို့မှ ပထဆုံးပိုးတွေ့လူနာများနှင့် ၎င်းတို့နှင့်ဆက်စပ်ပြီး စောင့်ကြည့်ထားသူများဖြစ်ကြောင်း သံတွဲမြို့နယ်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက ပြောသည်။

"ဒီနေ့ ၄၅ ဦးထဲက ၅ ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး ပိုးထပ်မတွေ့တော့တဲ့အတွက် ဆေးရုံဆင်းခွင့်ပေးလိုက်သလို ယင်းနှင့် ဆက်စပ်ပြီး ကွာရတင်းထားသူ ၂၇ ဦးကိုပါ ကွာရတင်းက ထုတ်ပေးလိုက်တယ်" ဟု ၎င်းကပြောသည်။

လက်ရှိ ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးမှာ ဆေးကုသမှုခံယူလျှက်ရှိပြီး ၎င်းတို့နှင့်ဆက်စပ် ကွာရတင်းထားသူ မရှိတော့ကြောင်လည်း သိရသည်။

လက်ရှိ သံတွဲမြို့နယ်အတွင်း စာသင်ကျောင်းများကို အချိန်အပိုင်းအခြားနှင့်ဖွင့်လှစ်ပြသလျက်ရှိပြီး ကျောင်းသားမိဘများမှာ သားသမီးများအတွက်စိုးရိမ်၍ ကျောင်းတက်မလွှတ်ခြင်းများရှိသဖြင့် ကျောင်းတက်ရောက်သူနည်းကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ဇွန်လ ၂ ရက်နေ့ထိ အတည်ပြုလူနာ ၃၇၂ ဦးထိရှိလာပြီး သေဆုံးသူ ၂ ဦးရှိခဲ့သည်။