မောင်တောမြို့ရှိ ကြက်ခြေနီရုံး ဖောက်ထွင်းခံရ၊ ဆေးဝါးပစ္စည်းများကို ယူသွား

MRCS ရုံးမှာ မောင်တောမြို့၊ ရပ်ကွက် ၄ တွင်ရှိပြီး မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါ မွတ်ဆလင်များ ဝင်ရောက်နေထိုင်မှုရှိကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။

By Admin 30 Jul 2024

ဓာတ်ပုံ - Win Naing’ Facebook
ဓာတ်ပုံ - Win Naing’ Facebook

DMG ၊ ဇူလိုင် ၃၀

ရခိုင်ပြည်၊ မောင်တောမြို့ပေါ်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)ရုံး ယခုရက်ပိုင်းအတွင်း ဖောက်ထွင်းခံရပြီး ဆေးဝါးပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

MRCS ရုံးမှာ မောင်တောမြို့၊ ရပ်ကွက် ၄ တွင်ရှိပြီး မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါ မွတ်ဆလင်များ ဝင်ရောက်နေထိုင်မှုရှိကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။

“မြို့ထဲမှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်စစ်သားတွေ တအားသောင်းကျန်နေတယ်။ လူတွေမရှိတဲ့ နေအိမ်တွေကို ဖောက်တယ်။ MRCS ရုံးကိုလည်း ဖောက်ပြီးတော့ ဆေးဝါးပစ္စည်းတွေ အကုန်လုံးယူသွားတယ်။ သူတို့လုပ်ချင်သလို လုပ်နေကြတာ” ဟု ပြောသည်။

ရခိုင်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)ရုံး တာဝန်ရှိသူတစ်ဦးကလည်း မောင်တောမြို့မှ MRCS ရုံး ဖောက်ထွင်းခံရသည်ကို သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ သို့သော်လည်း မည်သူ့လက်ချက်ဖြစ်သည်ကို ရေးမထားပေ။ ယင်းကိစ္စနှင့်ပတ်သက်၍ MRCS ရုံးတာဝန်ရှိသူများကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)သည် လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် လူထုအခြေပြု ကျမ်းမာရေးစောင့်ရှောက်ရေး၊ ဘေးဒုက္ခဆိုင်ရာစီမံခန့်ခွဲရေး အစရှိသည့် လုပ်ငန်းများတွင် ကူညီနေသည်။

ယနေ့(ဇူလိုင် ၃၀)ရက်တွင်လည်း နခခ(၅) မောင်တော မြို့သူကြီးတပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေကြောင်း မောင်တောမြို့မှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့လည်း နခခ(၅)ကို AA က တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်။ လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ မြို့ထဲမှာပိတ်မိနေတဲ့သူတွေက သိပ်အခက်အခဲရှိတယ်။ လူတွေကိုတွေ့ရင် ဖမ်းဆီးတာတွေရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် သင်တန်းဆင်း မွတ်ဆလင်များက မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းပြီး အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

ရခိုင်ပြည်အတွင်း မြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီက မြို့ပေါ်များတွင် နေရာယူကာ လူမရှိသည့်နေအိမ်များကို ဖောက်ထွင်းမှုများ ရှိနေသည်။