မောင်တောတွင် ဈေးနှင့်စားသောက်ဆိုင်များကို‌ နေ့တစ်ဝက်‌သာ ဖွင့်လှစ်ခွင့်ပြုတော့မည်

မောင်တောမြို့နယ်တွင် Covid-19 ကူးစက်မှု နေ့စဉ်ရက်ဆက် တွေ့ရှိနေ၍ ကူးစက်မှုလျှော့ချနိုင်ရန်အတွက် ဇူလိုင်လ ၁၀ ရက်နေ့မှစတင်ပြီး မောင်တောမြို့နယ်အတွင်းရှိ ဈေးများ၊ စားသောက်ဆိုင်များကို ‌နေ့တစ်ဝက်‌သာ ဖွင့်ခွင့်ပြု‌တော့မည်ဖြစ်ကြောင်း သိရသည်။

09 Jul 2021

DMG ၊ ဇူလိုင် ၉

မောင်တောမြို့နယ်တွင် Covid-19 ကူးစက်မှု နေ့စဉ်ရက်ဆက် တွေ့ရှိနေ၍ ကူးစက်မှုလျှော့ချနိုင်ရန်အတွက် ဇူလိုင်လ ၁၀ ရက်နေ့မှစတင်ပြီး မောင်တောမြို့နယ်အတွင်းရှိ ဈေးများ၊ စားသောက်ဆိုင်များကို ‌နေ့တစ်ဝက်‌သာ ဖွင့်ခွင့်ပြု‌တော့မည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်စည်ပင်သာယာရေးရုံးမှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်အေးသိန်းက "ကိုဗစ်ပိုးတွေ့ရှိသူ နေ့စဉ်ရှိနေပြီး ၂၀၀ ကျော် ၃၀၀ နီးပါးထိ ရှိလာနေတယ်။ ဒါကြောင့် မြို့နယ်အဆင့် covid-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မနက်ဖြန်ကစပြီး ဈေးများနဲ့စားသောက်ဆိုင်များအားလုံး နေ့ထက်ဝက်‌သာ ဖွင့်လှစ်ခွင့်ပြု‌တော့မှာဖြစ်တယ်" ဟု DMG ကို ပြောသည်။

သစ်သီမျိုးစုံရောင်းချနေသည့် ဒေါ်မသိန်းခိုင်က "ယခင်နှစ်က ကိုဗစ်တုန်းကလည်း နေ့ထက်‌ဝက်‌သာ ဈေးရောင်းချခဲ့တုန်းက အရင်းပြုတ်ခဲ့တာ နှစ်ခါတောင်ရှိပြီ။ အခုတစ်ခါ နေ့ထက်‌ဝက်‌သာ ရောင်းချရမယ်ဆိုတော့ မိသားစုစားဝတ်နေရေး အလွန် ဒုက္ခရောက်သွားမှာဖြစ်တယ်။" ဟု ‌ပြောသည်။

ဈေးဆိုင်များအား နေ့ထက်‌ဝက်‌ ရောင်းချခွင့်ပြုပြီး ရန်ကုန်၊ စစ်တွေမှ ဝင်ရောက်လာသည့် ကုန်တင်ကားများအား နေ့လည်တစ်နာရီနောက်ပိုင်းမှသာ ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မောင်တောမြို့နယ်စည်ပင် သာယာရေးရုံးမှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်အေးသိန်းက ဆိုသည်။

လက်ရှိ မောင်တောမြို့နယ်‌အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ဇူလိုင်လ ၉ ရက်နေ့အထိ ၂၈၉ ဦးအထိ တွေ့ထားပြီး ဆေးရုံမှဆင်းသူ ၃၀ ဦး၊ သေဆုံးသူ ၃ ဦးနှင့် ခရိုင်ဆေးရုံကြီးတွင် ၄၄ ဦး၊ ယာယီဆေးရုံများဖြစ်သည့် အားကစားရုံ၌ ၉ ဦး သီရိမင်္ဂလာခန်းမ၌ ၁၈ ဦးနှင့် ကျန် ကိုဗစ်ပိုးတွေ့ရှိရသူများမှာ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅) တွင် ၈၈ ဦးနှင့် အခြား နခခတပ်ဖွဲ့များ၌ ဆေးကုသမှု ခံယူလျှက်ရှိသည်။