ရခိုင်တွင် ဒေသထွက်သီးနှံများ ဈေးကောင်းရနေ 

ရခိုင်ဒေသတွင် စိုက်ပျိုးသီးနှံထွက်ကုန် နည်းပါးမှုကြောင့် ပြည်မဒေသကို အားထားရသည်။ လက်ရှိတွင် စစ်ရေးပဋိပက္ခကြောင့် စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် ဒေသထွက်သီးနှံများကို အဓိက စားသုံးလာကြသည်။ 

By Admin 17 Jul 2024

ရခိုင်တွင် ဒေသထွက်သီးနှံများ ဈေးကောင်းရနေ 

DMG ၊ ဇူလိုင် ၁၇

စစ်ရေးပဋိက္ခဖြစ်ပွားနေသော ရခိုင်ဒေသတွင် သရက်သီး၊ ကြက်မောက်သီး၊ နာနတ်သီး စသည့် ရာသီပေါ်သီးနှံများမှာ ယခင်နှစ်ထက်ဈေးကောင်းရပြီး ရောင်းအားကောင်းနေကြောင်း သီးနှံပင်စိုက်ပျိုးသူများထံမှ သိရသည်။ 

မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသမှ သီးနှံစိုက်တောင်သူတစ်ဦးက “အခုလို အဆင်မပြေမှုတွေနဲ့ ဖြတ်သန်းနေရတဲ့ကာလမျိုးမှာ ကိုယ့်ခြံထွက်သီးနှံလေးတွေ ဈေးကောင်းရတော့ စားဝတ်နေရေးအတွက် အထောက်အကူပြုတာပေါ့။ ဒီအသီးအနှံတွေရောင်းပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်” ဟု ပြောသည်။  

ယခင်နှစ်က သရက်သီးအလုံး ၁၀၀ လျှင် ငွေကျပ် ၈,၀၀၀၊ ကြက်မောက်သီး အလုံး ၁၀၀ လျှင် ငွေကျပ် ၆,၀၀၀၊ နာနတ်သီးတစ်လုံးကို ငွေကျပ် ၅၀၀ ရှိခဲ့သည်။ ယခုနှစ်တွင် သရက်သီးကို ငွေကျပ် ၁၅,၀၀၀၊ ကြက်မောက်သီးကို ငွေကျပ် ၁၆,၀၀၀ နှင့် နာနတ်သီးတစ်လုံးကို ငွေကျပ် ၂၅၀၀ ထိ ဈေးကောင်းရနေသည်။

ရခိုင်ဒေသတွင် စိုက်ပျိုးသီးနှံထွက်ကုန် နည်းပါးမှုကြောင့် ပြည်မဒေသကို အားထားရသည်။ လက်ရှိတွင် စစ်ရေးပဋိပက္ခကြောင့် စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် ဒေသထွက်သီးနှံများကို အဓိက စားသုံးလာကြသည်။ 

“အရင်ကဆို ပန်းသီးတို့၊ စပျစ်သီးတို့ပဲ ရောင်းအားကောင်းတာ။ အခုက အဲဒီအသီးတွေ ရှာမရတော့ သရက်သီး၊ ကြက်မောက်သီး၊ နာနတ်သီးတို့ကို အဓိက စားသုံးလာကြတယ်။ ဒေသခံတောင်သူတွေအတွက် ပိုကောင်းတာပေါ့” ဟု ကျောက်တော်မြို့မှ သစ်သီးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသ၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသတို့တွင် သီးပင်စားပင်အများဆုံးစိုက်ပျိုးကြပြီး မင်းပြား၊ ကျောက်တော်၊ ပေါက်တောမြို့နယ်တွင်လည်း စိုက်ပျိုးကြသည်။ 

ရခိုင်စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အာရက္ခပြည်သူ့အစိုးရအနေဖြင့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်သင့်ကြောင်း တောင်သူများက ပြောကြသည်။ 

“ဒေသထွက်သီးနှံတွေက ဈေးကွက် သတ်သတ်မှတ်မှတ်မရှိတော့ သိပ်မလုပ်ကြဘူး။ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ ဈေးကွက်နဲ့ နည်းပညာပိုင်းတွေကို ဖန်တီးပေးနိုင်ရင် ပိုကောင်းမယ်” ဟု စိုက်ပျိုးရေးသမားတစ်ဦးက ပြောသည်။ 

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် “မိုခါ” မုန်တိုင်းကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ် တို့တွင် နှစ်ရှည်ခံ သီးပင်စားပင်စိုက်ပျိုးဧကပေါင်း ၃,၉၅၄ ကျော် ပျက်စီးသွားခဲ့ရသည်။