သံတွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများအား ခရီးသွားခွင့်တင်းကြပ်

သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းတချို့မှာ စစ်ဘေးရှောင်နေကြ၍ ဌာနဆိုင်ရာရုံးအများအပြား အလုပ်မဖြစ်တော့သဖြင့် အုပ်ချုပ်ရေးယန္တရား ယိမ်းယိုင်လျက်ရှိသည်။ 

By Admin 07 Jun 2024

သံတွဲမြို့အဝင် စာနီတောင်စစ်ဆေးရေးဂိတ်(ပုံဟောင်း)/ (ဓာတ်ပုံ - DCBNA)
သံတွဲမြို့အဝင် စာနီတောင်စစ်ဆေးရေးဂိတ်(ပုံဟောင်း)/ (ဓာတ်ပုံ - DCBNA)

DMG ၊ ဇွန် ၇

ရခိုင်ပြည်၊ သံတွဲမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားလာခွင့်ကို စစ်ကောင်စီက တင်းကြပ်စွာ ကန့်သတ်ထားပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ၏ ခွင့်ပြုချက်ပါမှ သွားလာခွင့်ပြုထားကြောင်း သိရသည်။ 

သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းတချို့မှာ စစ်ဘေးရှောင်နေကြ၍ ဌာနဆိုင်ရာရုံးအများအပြား အလုပ်မဖြစ်တော့သဖြင့် အုပ်ချုပ်ရေးယန္တရား ယိမ်းယိုင်လျက်ရှိသည်။ 

“သံတွဲမြို့မှာ ထွေအုပ်နဲ့ ပညာရေးရုံးလောက်ပဲ ဖွင့်တော့တယ်။ တချို့ရုံးတွေက ပိတ်ထားလိုက်ရပြီ။ အဓိကတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးက ပြိုလဲလာတာကြောင်း လက်ရှိမြို့တွင်းမှာကျန်နေသေးတဲ့ ဝန်ထမ်းတွေကို တင်းကြပ်လိုက်တာဖြစ်တယ်” ဟု သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။  

စစ်ကောင်စီနှင့် AA တို့ကြား ဧပြီလ ၁၃ ရက်မှစတင်ခဲ့သည့် သံတွဲတိုက်ပွဲမှာ မြို့အနားနီးကပ်လာနေ၍ ဒေသခံများအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။ 

စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွာခွင့်ကို တင်းကြပ်ထားသည့်အပြင် ခွင့်မပြုချက်မပါဘဲ ပို့ဆောင်ပေးသည့် ခရီးသည်တင်ယာဉ်များကိုလည်း ဖမ်းဆီးရန် ညွှန်ကြားထားကြောင်း သိရသည်။  

သံတွဲမြို့နယ်၊ ငပလီမြို့နှင့် ၂ မိုင်ခန့်အကွာတွင် ဇွန်လ ၂ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး သံတွဲလေဆိပ်တွင် ခံစစ်အဖြစ်ခုခံရန် စစ်ကောင်စီက ပြင်ဆင်နေသည်။ 

“စစ်ကောင်စီက လေဆိပ်မှာ ခံစစ်သေချာပြင်ဆင်နေတယ်။ ဗျူဟာမှူးကိုယ်တိုက် တိုက်ရိုက်ကွပ်ကဲပြီးတော့ ခံစစ်ပြင်ဆင်နေတာလို့ သိရတယ်။ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတွေ အသိမ်းမခံရဖို့အတွက် ပြင်ဆင်နေတာ” ဟု သံတွဲမြို့မှ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။ 

ငပလီမြို့အနီး တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက သံတွဲလေဆိပ်ကို ဇွန်လ ၃ ရက်မှ ၉ ရက်ထိ ယာယီ ပိတ်သိမ်းလိုက်သည်။

တိုက်ပွဲပြင်းထန်နေမှုကြောင့် လေကြောင်းလိုင်း ပြန်ဖွင့်ရန်မသေချာမှု၊ ကားလမ်းကြောင်းကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် သံတွဲဒေသခံများမှာ မြို့တွင်းပိတ်မိသွားမည်ကို စိုးရိမ်နေကြသည်။
 
“သံတွဲမှာ တိုက်ပွဲဖြစ်ကတည်းက လေကြောင်းတစ်ခုကိုပဲ အားကိုးနေရတာ။ အခုလိုတိုက်ပွဲပြင်းထန်တော့ လေဆိပ်ဖွင့်ဖို့ အခြေအနေနည်းတယ်။ ကုန်းလမ်းကတော့ ကျန်းမာရေးနဲ့ပတ်သက်ရင် ထောက်ခံချက်တွေနဲ့ ခွင့်ပြုတယ်။ စစ်ရှောင်ဖို့အတွက်ကျ သွားလာရေးခက်ခဲတယ်။ မြို့ပေါ်တိုက်ပွဲဖြစ်လာရင်တော့ ဒေသခံတွေအတွက် မလွယ်ဘူး” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ လခန့်ကြာမြင့်လာပြီး နေရပ်စွန့်ခွာသူ ၅ သောင်းကျော်အထိ ရှိနေသည်။  

ဗီဒီယိုများ