သံတွဲမြို့ မကျဆုံးစေရေး ဧရာဝတီကနေ စစ်အင်အားထပ်ဖြည့်  

ဇူလိုင်လ ၁၂ ရက်တွင် ဧရာဝတီဘက်မှလာသည့် စစ်ကားအစီးရေ ၂၀ ကျော်သည် ဂွမြို့ကိုဖြတ်၍ သံတွဲမြို့တွင် အင်အားဖြည့်တင်းခဲ့ပြီး၊ မောင်ရွှေလေးရေတပ်စခန်းကိုလည်း ရေကြောင်းမှတစ်ဆင့် အင်အားဖြည့်ထားခဲ့သည်။ 

By Admin 13 Jul 2024

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စစ်ကောင်စီ၏ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ 
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စစ်ကောင်စီ၏ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ 

DMG ၊ ဇူလိုင် ၁၃ 

ငပလီမြို့ကျပြီးနောက် သံတွဲမြို့မကျဆုံးရေးအတွက် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ ကြည်းတပ်၊ ရေတပ်များကို အင်အားဖြည့်တင်းပြီး ခံစစ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်တွင် ဧရာဝတီဘက်မှလာသည့် စစ်ကားအစီးရေ ၂၀ ကျော်သည် ဂွမြို့ကိုဖြတ်၍ သံတွဲမြို့တွင် အင်အားဖြည့်တင်းခဲ့ပြီး၊ မောင်ရွှေလေးရေတပ်စခန်းကိုလည်း ရေကြောင်းမှတစ်ဆင့် အင်အားဖြည့်ထားခဲ့သည်။ 

“သံတွဲမြို့မကျရအောင် နည်းမျိုးစုံနဲ့ကာကွယ်နိုင်တယ်။ ရေတပ်စခန်းကို အင်အားဖြည့်တယ်။ သံတွဲထောင်ကို အထိုင်ချပြီးတော့လည်း အမြောက်တပ်တွေ ဆင်ထားတာရှိတယ်။ မနေ့ကတည်းက  မြို့ထဲမှာ စစ်သားအများကြီး တွေ့ရတယ်။ ခံစစ်အတွက် အပြင်းအထန် ပြင်ဆင်နေတာပါ” ဟု DMG သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်သားများသည် သံတွဲမြို့ အကျဉ်းထောင်နှင့် အထပ်မြင့်အအောက်အုံများတွင် နေရာယူထားသည်။ သံတွဲထောင်၌ အခြေချထားသော တပ်စခန်းနှင့် မောင်ရွှေအေးရေတပ်စခန်းမှ အနီးပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

သံတွဲမြို့တွင် မြို့ခံများနှင့် ကျေးလက်ဒေသမှ တိမ်းရှောင်လာသည့် ဒေသခံရာနှင့်ချီ ရှိနေသေးပြီး စစ်ကောင်စီက ထွက်ခွင့်မပြု၍ တခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲရှိနေကြသည်။ 

“သံတွဲမြို့ကို စစ်ကောင်စီက အလွယ်တကူ ဆုံးရှုံးခံမှာမဟုတ်ဘူး။ အခုလည်း မြို့တွင်းမှာ ပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး ခံစစ်ပြင်ဆင်နေတာလို့ မြင်တယ်။ မြို့ထဲက လူတွေအတွက်တော့ စိုးရိမ်စရာပါ” ဟု စစ်ဘေးတိမ်းရှောင်နေသည့် သံတွဲမြို့ခံတစ်ဦးက ပြောသည်။ 

ယနေ့ (ဇူလိုင် ၁၃) နံနက် ၁၀ နာရီခန့်က သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့၍ အမှတ် (၂)ရပ်ကွက်မှ အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“လေယာဉ်နဲ့ကြဲနေတာတော့ နေ့တိုင်းပဲ။ အိမ်ပြင်လည်းမထွက်ရဲလို့ ဘယ်နားကျမှန်းမသိဘူး။ ဖြစ်နိုင်ရင် မြို့ထဲမှာ မနေချင်တော့ဘူး။ ဘယ်အချိန် ကိုယ့်အိမ်ခေါင်မိုးကို ဗုံးထိမလဲပဲ ကြောက်နေရတယ်” ဟု သံတွဲမြို့တွင်းရှိနေသူ အမျိုးသမီးတစ်ဦးက‌ ပြောသည်။

သံတွဲမြို့နယ်ရှိ ငပလီအခြေစိုက်တပ်ရင်း ခမရ(၅၆၆)၊ ခလရ(၅၅)နှင့် သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး သံတွဲမြို့တစ်ခုလုံးအား သိမ်းပိုက်ရရှိရန် ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု ထုတ်ပြန်ထားသည်။