သွင်းအားစုစရိတ် မြင့်မား၍ ရခိုင်တောင်သူများ လယ်ဧက လျော့စိုက်နေကြ 

လယ်တစ်ဧကစိုက်ပျိုးရန် သွင်းအားစုစရိတ် အနည်းဆုံး ၁၀ သိန်းခန့်ကုန်ကျမှုရှိပြီး အရင်းအနှီးငွေ မရှိသဖြင့် လယ်ဧကအပြည့် စိုက်ပျိုးရန် အခက်အခဲများရှိကြောင်း တောင်သူများက ပြောသည်။ 

By Admin 08 Jul 2024

သွင်းအားစုစရိတ် မြင့်မား၍ ရခိုင်တောင်သူများ လယ်ဧက လျော့စိုက်နေကြ 

DMG ၊ ဇူလိုင် ၈ 

ရခိုင်က တောင်သူများမှာ သွင်းအားစုစရိတ်မြင့်မားမှု၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့်အတူ ရှားပါးနေမှုတို့ကြောင့် ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် လယ်ဧကလျော့ပြီး စိုက်ပျိုးနေကြသည်ဟု သိရသည်။ 

လယ်တစ်ဧကစိုက်ပျိုးရန် သွင်းအားစုစရိတ် အနည်းဆုံး ၁၀ သိန်းခန့်ကုန်ကျမှုရှိပြီး အရင်းအနှီးငွေ မရှိသဖြင့် လယ်ဧကအပြည့် စိုက်ပျိုးရန် အခက်အခဲများရှိကြောင်း တောင်သူများက ပြောသည်။ 

“သွင်းအားစုစရိတ်တွေက အရမ်းကြီးမြင့်နေတော့ လိုအပ်တဲ့လယ်ယာသုံးပစ္စည်းသုံးစွဲဖို့ စရိတ်မတတ်နိုင်တဲ့သူတွေ အများကြီးပဲ။ လယ်သမားအများစုက ဒီနှစ်မှာ စပါးလျော့စိုက်နေကြတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမား ဦးအောင်သိန်းထွန်းက ပြောသည်။ 

ဦးအောင်သိန်းထွန်းမှာ လယ်ဧက ၅၀ ခန့်ရှိပြီး ယခုနှစ်တွင် သွင်းအားစုစရိတ် မတတ်နိုင်၍ လယ်ဧက ၂၀ သာ စိုက်ပျိုးနိုင်ကြောင်း ဆိုသည်။

တောင်သူများမှာ လယ်ဧကရာနှုန်းပြည့် မစိုက်ပျိုးနိုင်သော်လည်း လာမည့်နှစ် မိသားစုဝမ်းစာဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနေကြသည်။ 

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ဦးအောင်လှဇံမှာ နှစ်စဉ်လယ်ဧက ၁၀ ခန့် စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် လယ် ၃ ဧကသာ စိုက်ပျိုးနိုင်ကြောင်း ပြောသည်။ 

“ဓာတ်မြေဩဇာ အရမ်းဈေးကြီးလို့ ဝယ်မသုံးနိုင်တဲ့အတွက် မထွန်တာ။ ဒါကြောင့် ကိုယ့်ဝမ်းစာအတွက်ပဲ လုပ်တယ်။ လယ်သမားအများစုက နောက်နှစ်ဝမ်းစာဖူလုံရင်ရပြီ ဆိုတာလောက်ကိုပဲ အာရုံစိုက်ထားကြတယ်” ဟု ဦးအောင်လှဇံက ပြောသည်။ 

တောင်သူများမှာ လယ်ယာစိုက်ပျိုးရေးဘဏ်မှ ထုတ်ချေးသည့် စိုက်ပျိုးရေးစရိတ်ချေးငွေ ရရှိကြသော်လည်း ယခုနှစ်တွင် ဒေသမတည်ငြိမ်မှုကြောင့် ချေးငွေမရကြသဖြင့် အထောက်အပံ့တစ်ခု လျော့နည်းခဲ့ရသည်။ 

ယင်းအပြင် ပြီးခဲ့သည့်နှစ်က ရိတ်သိမ်းသိုလှောင်ထားသော စပါးများမှာလည်း ရောင်းမထွက်ဘဲ သောင်တင်နေ၍ လိုအပ်သောလယ်ယာသုံးပစ္စည်းများ ဝယ်ယူသုံးစွဲရန် အခက်အခဲများဖြစ်နေကြသည်။ 

“လယ်သမားတွေရဲ့ ထွက်ကုန်ဖြစ်တဲ့ ဆန်စပါးက တန်ဖိုးမဲ့သလိုဖြစ်နေတယ်၊ ဝယ်သူလည်းမရှိဘူး။ ဒီကြားထဲ ဓာတ်မြေဩဇာတို့၊ စက်သုံးဆီတို့က မိုးထောင်အောင် ဈေးတက်နေတယ်။ လယ်သမားတွေဆိုတာက ချမ်းသာတဲ့ သူတွေမဟုတ်ဘူး။ အရင်းအနှီးမရှိတော့ အပြည့်အဝမထွန်နိုင်ဘူး။ လယ်ကွင်းတွေကို ဒီတိုင်းပစ်ထားကြရတယ်” ဟု မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။ 

အာရက္ခပြည်သူ့အစိုးရ(ULA/AA)မှ ရခိုင်တောင်သူများ မိုးစပါးစိုက်ပျိုးနိုင်ရန် လိုအပ်သည့်သွင်းအားစုစရိတ်၊ အရန်မျိုးစပါး၊ စက်သုံးဆီ၊ ထွန်စက် စသည်တို့ကို ကူညီမှုရှိသော်လည်း လိုအပ်ချက်မြင့်မားနေသေးကြောင်း တောင်သူများက ပြောသည်။ 

ရခိုင်ပြည်၏ ပင်မအသက်သွေးကြောဖြစ်သော လယ်ယာလုပ်ငန်းကို ယခုနှစ်တွင် ရာနှုန်းပြည့် ထွန်ယက် မစိုက်ပျိုးနိုင်သဖြင့် လာမည့်နှစ် ရခိုင်ဒေသ စားနပ်ရိက္ခာဖူလုံရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။