- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တိုက်ပွဲများကူးစက်လာ၍ ဧရာဝတီရောက် ရခိုင်စစ်ရှောင်များ ထပ်မံ စစ်ဘေးရှောင်ကြရ
လတ်တလောတွင် တိုက်ပွဲများသည် ဧရာဝတီတိုင်းအထိ ကျယ်ပြန့်လာသည့်အတွက် ယင်းဒေသအတွင်းသို့ တိမ်းရှောင်နေကြသည့် ရခိုင်က စစ်ဘေးရှောင်များမှာ ယခုနေထိုင်ရာနေရာကနေ နောက်ထပ် နေရာရွေ့ပြောင်းနေရ၍ ခက်ခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
16 Jan 2025
DMG ၊ ဇန်နဝါရီ ၁၆
လတ်တလောတွင် တိုက်ပွဲများသည် ဧရာဝတီတိုင်းအထိ ကျယ်ပြန့်လာသည့်အတွက် ယင်းဒေသအတွင်းသို့ တိမ်းရှောင်နေကြသည့် ရခိုင်က စစ်ဘေးရှောင်များမှာ ယခုနေထိုင်ရာနေရာကနေ နောက်ထပ် နေရာရွေ့ပြောင်းနေရ၍ ခက်ခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
သာပေါင်း၊ ငသိုင်းချောင်း၊ ရေကြည်၊ ရွှေသောင်ယံနှင့် ချောင်းသာမြို့နယ်တို့တွင် ရခိုင်စစ်ဘေးရှောင်များ ရောက်ရှိနေကြခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းတွင်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (ပူးပေါင်းမဟာမိတ်) များအကြား တိုက်ပွဲပြင်းထန်လာသည့်အတွက် လက်ရှိနေထိုင်နေကြသည့် မြို့နယ်များကတစ်ဆင့် အခြားမြို့နယ် စစ်ဘေးရှောင်လာကြရခြင်းဖြစ်ပြီး ငွေကြေးအပါဝင် အခြားအခက်ခဲများ ရှိနေခြင်းဖြစ်သည်။
“အခုတိုက်ပွဲ ဧရိယာဟာ ဧရာဝတီဖက်ကို ရောက်လာတာကြောင့် ဧရာဝတီဖက်မှာ ရောက်နေကြတဲ့ စစ်ရှောင်တွေဟာ တစ်ဆင့်နှစ်ဆင့် စစ်ရှောင်နေကြရတာတွေရှိတယ်။ အထူးသဖြင့် ငသိုင်းချောင်း၊ ရွှေသောင်ယံ၊ ချောင်းသာဖက်မှာရောက်နေကြတဲ့ သူတွေကတော့ ဒေသလုံခြုံမှုမရှိတော့လို့ အဲဒီကနေတစ်ဆင့် နောက်ထပ်မြို့နယ်တွေကို စစ်ရှောင်နေကြရတယ်။ အခက်ခဲတွေကတော့ အများကြီးပဲ။ ငွေကြေးက အစပေါ့ တစ်နေရာနဲ့ တစ်နေ ရာ ရွေ့ပြောင်းရတာမလွယ်ဘူး” ဟု ဂွမြို့နယ်က စစ်ဘေးရှောင်နေသည့် ဧရာဝတီတိုင်းရောက် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ မြို့နယ်များတွင် သံတွဲနှင့် ဂွမြို့နယ်ကနေ ရာနှင့်ချီသည့် ရခိုင်စစ်ဘေးရှောင်များရှိနေပြီး ယခုအခါ တိုက်ပွဲနှင့်ဝေးရာ ဖျာပုံ၊ မအူပင် စသည့် မြို့နယ်ကို ရွေ့ပြောင်းမှုများပြုလုပ်နေကြကြောင်း စစ်ရှောင်များက ပြောသည်။
ယင်းအပြင် ဧရာဝတီသို့ ရောက်ရှိနေကြသည့် ရခိုင်စစ်ဘေးရှောင်များကို အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ အာဏာပိုင်တို့က ဖိနှိပ်မှုများပြုလုပ်ပြီး အတင်းရွေ့ပြောင်းခိုင်းမှုများကိုလည်း ကြုံနေရကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များကို ဒေသအတွင်းလွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ကိုလည်း ပိတ်ပင်ထားသည့်အတွက် ရခိုင်ပြည်သို့ ပြန်လာခွင့်ရရန် မျှော်လင့်နေကြသည်။
သာပေါင်းမြို့ နယ်တွင် စစ်ဘေးရှောင်သည့် အမျိုးသားတစ်ဦးက “ဘယ်သူမှ ပျော်လို့ ဒီကိုရောက်နေကြတာ မဟုတ်ဘူး။ မဖြစ်သာလို့ နေရပ်ခဏစွန့်နေရချိန်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ရခိုင်တွေဆိုရင် ဖိနှိပ်မှုတွေ လုပ်ကြတာရှိတယ်။ ပင်လယ်ပြင်ဆင်းပြီး ငါးဖမ်းခွင့်လည်း မရဘူး။ ကျနော်တို့မှာ မိသားစုတွေရှိတယ် စားဝတ်နေရေးရှိတယ်။ အခုအခက်ခဲပေါင်းစုံနဲ့ ဘယ်သူမှ မနေချင်တော့ဘူး။ ဖြစ်နိုင်ရင် ရခိုင်ကိုသာ အမြန်ပြန်ချင်တယ်” ဟု ပြောသည်။
သံတွဲနှင့် ဂွမြို့နယ်တို့က စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လကတည်းက ဧရာဝတီတိုင်းဖက်မှာ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်ပြီး စစ်ရှောင်များကိုလည်း မကြာခဏ စစ်ဆေးခြင်း၊ ဖမ်းဆီးမှုများရှိနေခြင်းဖြစ်သည်။
လက်ရှိတွင် သံတွဲမြို့နှင့် ဂွမြို့နယ်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်သော်လည်း ဧရာဝတီနှင့် ရခိုင်အစပ်တွင် စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေကြသည့်အတွက် နေရပ်ပြန်ရန် အခက်ခဲရှိနေကြခြင်းဖြစ်သည်။