သံတွဲမြို့နယ်ကို AA အလုံးစုံ သိမ်းပိုက် 

သံတွဲသည် တိုက်ပွဲ ၉ လကျော်အတွင်း AA သိမ်းပိုက်လိုက်သည့် မြို့နယ်များ အနက် ၁၁ ခုမြောက် မြို့နယ်ဖြစ်ပြီး ရခိုင်ပြည်တောင်ပိုင်းတွင် ဒုတိယမြောက် သိမ်းပိုက်နိုင်ခဲ့သည့် မြို့နယ်တစ်ခုဖြစ်လာသည်။ 

By Admin 04 Sep 2024

ကမ္ဘာကျော် ငပလီကမ်းခြေတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
ကမ္ဘာကျော် ငပလီကမ်းခြေတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

DMG ၊ စက်တင်ဘာ ၄ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် လေးလကျော်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် အာရက္ခတပ်တော်(AA)က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 

စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း မောင်ရွှေလေးရေတပ်ကို AA က ဩဂုတ် ၃၀ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် သံတွဲမြို့နယ်ကို AA က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

DMG ၏ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မောင်ရွှေလေးရေတပ်ကို အလုံးစုံ သိမ်းပိုက်ထားပြီဖြစ်တယ်။ စစ်ကောင်စီကတော့ လေကြောင်းကနေ လာပစ်တာတွေ၊ ရေကြောင်းကနေ ပစ်ခတ်တာတွေ တချို့တော့ ရှိနေသေးတယ်။ သံတွဲကတော့ AA ရဲ့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝရောက်သွားပြီ” ဟု ပြောသည်။

သံတွဲမြို့နယ်ကို အလုံးစုံသိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ AA ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ AA ပြောခွင့်ရသူ ဦးခိုင်သုခကိုလည်း DMG က ဆက်သွယ်နေဆဲဖြစ်သည်။ 

မောင်ရွှေလေးရေတပ်ကို AA က ဇူလိုင် ၂၀ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ် ၃၀ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်သည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ငပလီခြေစိုက် ခလရ (၅၅) တပ်ရင်းကို ဇူလိုင်လ ၉ ရက်တွင် AA သိမ်းပိုက်ပြီးနောက်။ (ဓာတ်ပုံ - AA Info Desk) 

သံတွဲဒေသခံတစ်ဦးက “မောင်ရွှေလေး ရေတပ်ကျသွားတာ ဟုတ်တယ်။ ဒီရက်ပိုင်းမှာ ပစ်ခတ်သံတွေလည်း မကြားရတော့ဘူး။ AA က စစ်ကောင်စီတပ်သားတွေကို အရှင်ဖမ်းဆီးရမိထားတာတွေလည်း ရှိတယ်လို့ သိထားရတယ်” ဟု ပြောသည်။

ကမ္ဘာကျော်ငပလီကမ်းခြေနှင့် စီမံကိန်းများတည်ရှိသည့် သံတွဲမြို့နယ်ကို စစ်ကောင်စီ လက်လွှတ်လိုက်ရခြင်းမှာ စစ်ရေးတွင်သာမက စီးပွားရေးအရပင် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။ 

သံတွဲမြို့တွင် တရုတ်၏ လေအားလျှပ်စစ်စီမံကိန်း၊ ရုရှား-မြန်မာ ငပလီကမ်းခြေ အိမ်ရာစီမံကိန်းများလည်း ရှိနေပြီး လက်ရှိတွင် အဆိုပါ စီမံကိန်းများအားလုံးကို AA က သိမ်းပိုက်နိုင်ထားခြင်းဖြစ်သည်။

“သံတွဲဆိုတာက မြန်မာနိုင်ငံမှာ ဝင်ငွေအများဆုံးရနေတဲ့ ငပလီကမ်းခြေရှိတယ်။ နောက် သူဌေးရေအားလျှပ်စစ် စီမံကိန်းလည်း ရှိတယ်ဆိုတော့ စီးပွားရေးအရ အရမ်းကို နေရာပါတဲ့နေရာဖြစ်တယ်။ ဒီလိုနေရာကို ဆုံးရှုံးလိုက်ရတာဟာ စစ်ကောင်စီနဲ့ အပေါင်းအပါ ခရိုနီတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ဧပြီ ၁၃ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၄ လကျော်ကြာ ဩဂုတ်လကုန်ပိုင်းတွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့နယ်သည် တိုက်ပွဲ ၉ လကျော်အတွင်း AA သိမ်းပိုက်လိုက်သည့် မြို့နယ်များ အနက် ၁၁ ခုမြောက် မြို့နယ်ဖြစ်ပြီး ရခိုင်ပြည်တောင်ပိုင်းတွင် ဒုတိယမြောက် သိမ်းပိုက်နိုင်ခဲ့သည့် မြို့နယ်တစ်ခုဖြစ်လာသည်။ 

တိုက်ပွဲကာလအတွင်း ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် တောင်ပိုင်းရှိ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး မြို့နယ် (၁၇) ခုဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည်ကို အလုံးစုံသိမ်းပိုက်နိုင်ရန် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။