သံတွဲမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

ရခိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှု (၈) လကျော်ထိကြာမြင့်လာပြီး ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အားလုံးနီးပါးကို ထိန်းချုပ်ထားသော AA သည် တောင်ပိုင်းမြို့နယ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေသည်။

By Admin 15 Jul 2024

ငပလီခြေစိုက် ခလရ (၅၅) တပ်ရင်းကို ဇူလိုင်လ ၉ ရက်တွင် AA သိမ်းပိုက်ပြီးနောက်။ (ဓာတ်ပုံ - AA Info Desk) 
ငပလီခြေစိုက် ခလရ (၅၅) တပ်ရင်းကို ဇူလိုင်လ ၉ ရက်တွင် AA သိမ်းပိုက်ပြီးနောက်။ (ဓာတ်ပုံ - AA Info Desk) 

DMG ၊ ဇူလိုင် ၁၅

ရခိုင်ပြည်၊ သံတွဲမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA)က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်းပစ်ကူဖြင့် ခုခံနေ၍ တိုက်ပွဲပြင်းထန်လျက်ရှိသည်။ 

သံတွဲလေဆိပ်၊ ငပလီအခြေစိုက် ခလရ(၅၅)၊ ခမရ (၅၆၆) တပ်ရင်းများကို AA က သိမ်းပိုက်ပြီးနောက် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး မြို့တွင်းပိတ်မိနေသူများကိုလည်း ကယ်ထုတ်နေကြောင်း သိရသည်။

“မြို့တွင်းတိုက်ပွဲက ပြင်းထန်နေဆဲပါ။ စစ်ကောင်စီဖက်ကတော့ လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်။ AA က မြို့တွင်းမှာရှိတဲ့ ပြည်သူတွေကို AA ကယ်ထုတ်နေတယ်လို့လည်း သိရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ငပလီမြို့ကျပြီးနောက် သံတွဲမြို့မကျဆုံးရေးအတွက် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ ကြည်းတပ်၊ ရေတပ်များကို အင်အားဖြည့်တင်းပြီး ခံစစ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် သံတွဲမြို့ နန်းတော်တောင်ပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်ကို လေကြောင်းပစ်ခတ်ဖျက်ဆီးခဲ့၍ မြို့နှင့်အနီးတဝိုက်တွင် ဖုန်းလိုင်းပြတ်တောက်လျက်ရှိသည်။ 

တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ကြသူများမှာ စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးအခက်အခဲများကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ 

“မြို့တွင်းတိုက်ပွဲလည်း ပြင်းထန်လာတော့ စစ်ဘေးရှောင်က အရင်ကထက် များလာတယ်။ ဆေးဝါးလိုအပ်ချက်က တော်တော်လေးကို ကြီးမားလာတယ်။ လုံးဝကို ဝယ်လို့မရတော့ဘူး။ ဆန်ဈေးကလည်း မြင့်တက်နေတာကြောင့် စစ်ရှောင်တွေ တော်တော်ဒုက္ခရောက်နေပါတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ဗီဒီယိုများ