တိုက်ပွဲဖြစ်စဉ်ကြောင့် စစ်တွေတွင် စစ်ကောင်စီက  လုံခြုံရေးတိုးမြှင့်ထား

ဩဂုတ် ၃၀ ရက်နေ့က စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာအနီးချောင်းတွင် စစ်ကောင်စီ ဇက်ရေယာဉ်ကို အာရက္ခတပ်တော်က တိုက်ခိုက်ပြီးနောက် သုံးနာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက စခန်း ၅ ခု တိုးချဲ့ချထားလိုက်သည်။ 

By Admin 03 Sep 2024

စစ်တွေမြို့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ 
စစ်တွေမြို့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ 

DMG ၊ စက်တင်ဘာ ၃ 

စစ်တွေမြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များကြောင့် စစ်ကောင်စီသည် လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ် ၃၀ ရက်နေ့က စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာအနီးချောင်းတွင် စစ်ကောင်စီ ဇက်ရေယာဉ်ကို အာရက္ခတပ်တော်က တိုက်ခိုက်ပြီးနောက် သုံးနာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ကံ့ကော်ကျွန်းကျေးရွာကနေ အဝေးပြေးလမ်းမကြီးအထိ လမ်းပိုင်းနှင့် စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) အထိကို စစ်ကောင်စီက စခန်း ၅ ခု တိုးချခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“စခန်း ၅ ခု တိုးချလိုက်တယ်။ ကံ့ကော်ကျွန်းကနေ ဒကစကိုလာတဲ့လမ်းတလျှောက်မှာ လုံခြုံရေးတိုးချလိုက်တာ။ စခန်းက အဲဒီလမ်းတလျှောက်မှာရှိတဲ့ အထက ၆ မှာတစ်ခု အပါအဝင်ပေါ့။ ပြီးတော့ အဲဒီတလျှောက်က ရွာအဝင်အထွက်တွေမှာ ချလိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။  

ယင်းအပြင် စစ်ကောင်စီသည် ကံ့ကော်ကျွန်းရွာအနီး ချောင်းထဲတွင် ရေမြှုပ်မိုင်းများ ထောင်ထားပြီး ချောင်းနှင့် ၃ ပေ အကွာကမ်းစပ်တလျှောက်တွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။ 

စစ်တွေ မြို့လယ်ချောင်းအနီးတဝိုက်တွင်လည်း စစ်ကောင်စီက ညဉ့်အချိန် စပိဘုတ်များဖြင့် ကင်းလှည့်ခြင်း၊ မြေပြင်တွင်လည်း ကင်းလှည့်ခြင်းများ ယခင်ကထက် ပိုမိုဆောင်ရွက်လျက်ရှိကြောင်း မျက်မြင်ဒေသခံများက ပြောသည်။ 

“လုံခြုံရေးတွေ အထပ်ထပ်ချထားတယ်။ ပုံမှန်ထက် ကင်းလှည့်တယ်။ ဒကစအနီးမှာလည်း ကင်းလှည့်တယ်။ မြို့ထဲနဲ့ မြို့ပတ်ပတ်လည်ကိုရောပဲ” ဟု နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဩဂုတ်လ ၃၁ ရက်တွင်လည်း စစ်ကောင်စီနှင့် AA တို့ ကံ့ကော်ကျွန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် AA က ဒကစကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 

“ဇက်ရေယာဉ်ကိုပစ်တဲ့နေ့က AA က အသာစီးရခဲ့တယ်လို့ သိရတယ်။ သူတို့ (စစ်ကောင်စီ) မှာပါလာတဲ့ လက်နက်တွေကိုလည်း AA က သိမ်းလို့ရခဲ့တာ ရှိတယ်။ ပြီးတော့ ဒကစဌာနချုပ်ကို AA က ရှော့တိုက်ဒုံးတွေနဲ့ ပစ်နေတာ နှစ်ကြမ်၊ သုံးကြိမ်လောက်ရှိပြီ ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

တိုက်ပွဲနောက်ပိုင်း စစ်တွေမြို့ဆိပ်ကမ်းတွင် လူသေအလောင်း ၄ လောင်းမျောနေကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။ 

AA ထိုးစစ်ကြောင့် မောင်တောမြို့ကျလုနီးပါးဖြစ်နေချိန် ရခိုင်မြောက်ပိုင်း၌ နောက်ဆုံးခံတပ်ဖြစ်သော စစ်တွေမြို့ တပ်ရင်းဌာနချုပ်များနှင့် ရပ်ကွက်များတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့ခြင်းနှင့် လုံခြုံရေးတိုးမြှင့်ခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိသည်။ 

ပြီးခဲ့သည့်လကလည်း စစ်တွေရေတပ်စခန်းရှိသည့် ကမ်းနားလမ်းတလျှောက်ကို ခြံစည်းရိုးကာရံကာ အကာအကွယ် ယူထားသည်။ 

စစ်တွေမြို့ ဒေသခအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် မြို့ထဲတွင် ကျန်ခဲ့သူများလည်း ရှိနေသေးသည်။