ပိတ်မိနေသည့် မောင်တောမြို့ခံ ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀)ခန့်သည် မြို့မရပ်ကွက်သို့ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးသွားခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

By Admin 18 Jul 2024

မောင်တောခရိုင်တရားရုံးရှေ့ မြင်ကွင်းတစ်ခု။ (File Photo – 2020)
မောင်တောခရိုင်တရားရုံးရှေ့ မြင်ကွင်းတစ်ခု။ (File Photo – 2020)

DMG ၊ ဇူလိုင် ၁၈

ရခိုင်ပြည်၊ မောင်တောမြို့တွင် ပိတ်မိနေသော ဒေသခံများထဲမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၁၁ ဦးကို စစ်ကောင်စီက ဇူလိုင် ၁၆ ရက်၊ ညနေ ၄ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀)ခန့်သည် မြို့မရပ်ကွက်သို့ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးသွားခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဲဒီနေ့က ရပ်ကွက်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်လာပြီးတော့ နေအိမ်တွေကို ဖောက်ထွင်းတယ်။ ရှိတဲ့ပစ္စည်းတွေကို ယူသွားတယ်။ ရပ်ကွက်မှာပိတ်မိနေတဲ့ ဒေသခံ ၁၁ ဦးကို ဖမ်းဆီးသွားတယ်” ဟု ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုထွန်း (၆၀)နှစ်၊ (မြေစာရင်းဌာန/စာရေး) ဦးစိုးဝင်းနိုင်(၅၄)နှစ်၊ ဦးမောင်ဘုချေ(ခ) ကိုးကောင်ချေ (၄၀)နှစ်၊ ဦးကာကုကျီ (၄၀)နှစ်၊ ဦးမောင်ထွန်းနိုင် (၄၅)နှစ်၊ ဦးရန်မင်းစိုး (၄၃)နှစ်၊ ကိုအောင်ကောင်းပိုင် (၁၈)နှစ်၊ ကိုအောင်မင်းပိုင်(၁၆) နှစ် အပါအဝင် ဒေသခံ ၁၁ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

၎င်းတို့ကို စစ်ကောင်စီတပ်သားများက မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးပေ။

အလားတူ ဇူလိုင် ၁၆ ရက်ကလည်း မောင်တောမြို့အနီး ရွှေဇားကျေးရွာမှ ဟိန္ဒူဒေသခံ ၁၀ ခန့်ကို စစ်ကောင်စီနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ဟိန္ဒူ ၁၀ ယောက်လောက်ကို ဖမ်းဆီးသွားတယ်လို့ သိရတယ်။ အဲဒီဖက်ကို ဖုန်းအဆက်အသွယ်မရတော့ အတိအကျကို မသိရဘူး” ဟု မောင်တော မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ဟိန္ဒူဒေသခံများနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် DMG က ဆက်လက်စုံစမ်းနေသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၂ နှင့် မေလ ၂၇ ရက်ကလည်း မောင်တောမြို့၊ဝိမလရပ်ကွက်မှ ဒေသခံ ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။ 

လက်ရှိတွင် မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း အကြိတ်အနယ် ခုခံနေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။ 

ဗီဒီယိုများ