မောင်တောမြို့တွင် လက်နက်ကြီးကျ၍ မွတ်ဆလင် ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာပြင်းထန် 

ဇူလိုင်လ ၁၂ ရက်၊ ညနေ ၃ နာရီခန့်က မြို့သူကြီး နခခ(၅)မှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးမှာ နေအိမ်အတွင်းကျရောက်ပြီး သေဆုံးဒဏ်ရာရရှိသွားခြင်းဟု မောင်တောမြို့ခံ မွတ်ဆလင်တစ်ဦးက ပြောသည်။

By Admin 13 Jul 2024

လက်နက်ကြီးကျ၍ သေဆုံးသွားသူ။ ဓာတ်ပုံ - CJ
လက်နက်ကြီးကျ၍ သေဆုံးသွားသူ။ ဓာတ်ပုံ - CJ

DMG ၊ ဇူလိုင် ၁၃

မောင်တောမြို့၊ ကညင်းတန်ရပ်ကွက်တွင် စစ်ကောင်စီပစ်ခတ်သည့်် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မွတ်ဆလင် ၁ ဦးသေဆုံးပြီး၊ ၅ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဇူလိုင်လ ၁၂ ရက်၊ ညနေ ၃ နာရီခန့်က မြို့သူကြီး နခခ(၅)မှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးမှာ နေအိမ်အတွင်းကျရောက်ပြီး သေဆုံးဒဏ်ရာရရှိသွားခြင်းဟု မောင်တောမြို့ခံ မွတ်ဆလင်တစ်ဦးက ပြောသည်။

“သေသွားတာက ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားလို့ သိရတယ်။ နောက်ထပ် ၅ ယောက် ဒဏ်ရာရသွားတယ်။ အဲဒီဘက်ကို ဖုန်းအဆက်အသွယ် သိပ်မရတဲ့အတွက် နာမည်တွေကို မသိရသေးဘူး။ တိုက်ပွဲကတော့ နှစ်ဖက်ပြင်းထန်နေပါတယ်”ဟု ပြောသည်။

မောင်တောဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော နခခ(၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဇူလိုင်လ ၁၁ ရက်က ထုတ်ပြန်ထားသည်။

မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ကာ တစ်မြို့လုံးကိုသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း မြို့အတွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ် ပြင်ဆင်ထားကြောင်း AA က ဆိုထားသည်။

မောင်တောမြို့မှ ရပ်မိရပ်ဖတစ်ဦးက “စစ်ကောင်စီက မြို့ဝင်စစ်ဆေးရေးဂိတ်ကို မီးသတ်ရုံးကို ပြောင်းလိုက်ပြီ။ တိုက်ပွဲတွေက နေတိုင်းပြင်းထန်နေတယ်။ စစ်ကောင်စီက လေယာဉ်တွေနဲ့‌ နေ့တိုင်းလာပစ်တယ်။ နေဗီကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်”ဟု ပြောသည်။

ရခိုင်တွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး အရပ်သား သေဆုံးဒဏ်ရာရရှိမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

DMG စာရင်းအရ ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်း ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနှင့် စစ်ကြောအတွင်း နှိပ်စက်ခံရမှုများကြောင့် အရပ်သားသေဆုံးဒဏ်ရာသူ ၁၃၆ ဦးအထိရှိခဲ့သည်။

ဗီဒီယိုများ