စစ်တွေမြို့အနီး ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီက မြို့အတွင်းသို့ ပြောင်းရွှေ့ခိုင်းနေ

စစ်ကောင်စီက မြို့အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများကို မြို့အတွင်းသို့ ပြောင်းရွှေ့နေထိုင်စေခြင်းမှာ စိုးရိမ်စရာအခြေအနေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာပါက လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်သည်ဟု ရှုမြင်ကြသည်။

By Admin 10 Jun 2024

စစ်တွေမြို့နယ် တရားရုံးရှေ့မြင်ကွင်းတစ်ခု။ (ပုံဟောင်း) 
စစ်တွေမြို့နယ် တရားရုံးရှေ့မြင်ကွင်းတစ်ခု။ (ပုံဟောင်း) 

DMG ၊ ဇွန် ၁၀ 

ရခိုင်ပြည်၊ စစ်တွေမြို့အနီးဝန်းကျင်ရှိ ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ရေချမ်းပြင် ကျေးရွာများမှ ဒေသခံများကို မြို့အတွင်းသို့ပြောင်းရွှေ့ရန် စစ်ကောင်စီက ပြောဆိုထားကြောင်း သိရသည်။

ဇွန်လ ၉ ရက်မှ ၁၄ ရက်အတွင်း ကျေးရွာသားတစ်ဦးမကျန် အပြီးသတ်ပြောင်းရွှေ့ရန် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ညွှန်ကြားထားခြင်း ဖြစ်သည်။ 

“မြို့ထဲကလွဲပြီး တခြားနေရာတွေကို မသွားရဘူး။ စစ်တွေမြို့ထဲမှာလည်း ဘယ်မှာနေရမလဲဆိုတာ မပြောဘူး။ ကိုယ်အဆင်ပြေတဲ့နေရာမှာ သွားနေရမှာပါ။ မြို့နယ်ရုံးကတစ်ဆင့် လာပြောသွားတာပါ” ဟု စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာသားတစ်ဦးက ပြောသည်။

ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တွေမြို့နယ်မှ ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။ 

လက်ရှိ စစ်ကောင်စီရွှေ့ခိုင်းထားသည့် ကျေးရွာများတွင် ငွေကြေးအခက်အခဲရှိသူများ၊ သက်ကြီးရွယ်အိုနှင့် အိမ်စောင့်နေထိုင်သူများ စသည်တို့ကြောင့် လူဦးရေတချို့တစ်ဝက်ခန့် ကျန်ရှိနေကြသေးသည်။ 

ရေချမ်းပြင်ကျေးရွာမှ ဒေသခံတစ်ဦးက “ရွာမှာက လက်လုပ်လက်စားတွေ များတယ်။ အခုက မိုးရာသီလည်း ရောက်တော့မယ်။ ကျနော်တို့ ပြောင်းရွှေ့ရမယ်ဆိုရင် ဘယ်မှာနေရာမှာလဲ၊ ဘယ်လိုစားသောက်ရမှာလဲ” ဟု ပြောသည်။

စစ်ကောင်စီက မြို့အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများကို မြို့အတွင်းသို့ ပြောင်းရွှေ့နေထိုင်စေခြင်းမှာ စိုးရိမ်စရာအခြေအနေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာပါက လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်သည်ဟု ရှုမြင်ကြသည်။

“စစ်တွေမြို့ကို AA ဝင်တိုက်မယ်ဆိုရင် ဒီလမ်းကြောင်းတွေက ဝင်ရောက်ပြီး တိုက်လို့ရတယ်။ ဆိုတော့ ဒီကျေးရွာတွေမှာ လူရှိလို့လုံးဝမဖြစ်ဘူးလို့ စစ်ကောင်စီက တွေးတယ်။ ပထမဆုံးအနေနဲ့ ကျေးရွာအတွင်း လူနေခွင့် မပြုဘူး။ မရရင် ဗျိုင်းဖြူရွာလို ဖြိုခွင်းလာနိုင်တယ်” ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။  

စစ်တွေမြို့နယ်က ကျေးရွာသားများကို မြို့အတွင်းသို့ ပြောင်းရွှေ့ခိုင်းထားသည်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူထံ DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ 

ဗီဒီယိုများ