သွင်းအားစုစရိတ်ကြောင့် ရခိုင်လယ်မြေများတွင် သီးပင်စားပင် အစားထိုးစိုက်ပျိုးလာ

စပါးစိုက်ရာသီ ရောက်ရှိပြီဖြစ်သော်လည်း စစ်မီးကြားက ရခိုင်လယ်သမားများမှာ လယ်ယာလုပ်ငန်း စတင်ရန် တွန့်ဆုတ်နေကြသည်။ 

By Admin 27 May 2024

လေးမြို့မြစ်ဒေသက လယ်ကွင်းများတွင် ငှက်ပျော အစားထိုးစိုက်ထားသည်ကို တွေ့ရစဉ်။ 
လေးမြို့မြစ်ဒေသက လယ်ကွင်းများတွင် ငှက်ပျော အစားထိုးစိုက်ထားသည်ကို တွေ့ရစဉ်။ 

DMG ၊ မေ ၂၇

ရခိုင်ပြည်အတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်များမှ လယ်သမားအချို့မှာ စပါးစိုက်ပျိုးမည့် လယ်မြေတွင် သွင်းအားစုနည်းပါးပြီး အချိန်တိုအတွင်း အမြတ်ရနိုင်သည့် သီးပင်စားပင်များကို အစားထိုး စိုက်ပျိုးနေကြောင်း သိရသည်။ 

မြောက်ဦးမြို့နယ် လေးမြို့မြစ်ဒေသ လေညင်းတောင်ကျေးရွာမှ ကိုဝင်းလှမောင် “ကျနော့်မှာတော့ ရှိသမျှလယ်မှာ ငှက်ပျောစိုက်ထားတယ်။ ငှက်ပျောက အရင်းအနှီးလည်း မများဘူး။ နှစ်လလောက်အတွင်းမှာ အရင်းပြန်ရနိုင်တယ်လေ။ စပါးက မစိုက်နိုင်တော့ဘူး။ အရင်းလည်းသိပ်များတယ်။ တစ်နှစ်လုံးလုပ်လို့ အမြတ်လည်းမရဘူး ” ဟု ပြောသည်။

စပါးစိုက်ရာသီ ရောက်ရှိပြီဖြစ်သော်လည်း စစ်မီးကြားက ရခိုင်လယ်သမားများမှာ လယ်ယာလုပ်ငန်း စတင်ရန် တွန့်ဆုတ်နေကြသည်။ တိုက်ပွဲများကြောင့် ဒေသမတည်ငြိမ်မှု လုံခြုံရေးပြဿနာများအပြင် လယ်ယာလုပ်ငန်းသုံး သွင်းအားစုစျေးနှုန်းများကြောင့် လယ်လုပ်ရန် အခက်ကြုံနေကြခြင်းဖြစ်သည်။ 

ယခုနှစ် မိုးစပါးစိုက်ပျိုးရန် တစ်ဧကအတွက် သွင်းအားစုစရိတ်မှာ ငွေကျပ်ဆယ်သိန်းနှင့် အထက်ရှိနေပြီး တစ်ဧကမှထွက်ရှိသော စပါးဈေးနှုန်းနှင့် တူညီနေသည်။

ထို့ကြောင့် ဒေသနေ တောင်သူတို့မှာ သွင်းအားစုနည်းပါးပြီး အချိန်တိုအတွင်း ဝင်ငွေရရှိနိုင်သည့် ငှက်ပျော၊ ကြံ၊ ကွမ်း စသည့် သီးပင်စားပင်များအပြင် နှစ်ရှည်သစ်ပင်များဖြစ်သည့် ယူကလစ်၊ ကျွန်းပင်များကို စိုက်ပျိုးလာကြသည်။

မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာမှ ကိုအောင်နိုင်ကလ “ဒီဘက်က လယ်သမားတွေမှာလည်း စပါးမစိုက်နိုင်လို့ လယ်ကွင်းတွေမှာ တခြားအပင်တွေ စိုက်ပျိုးလာတာကို တွေ့ရတယ်။ တချို့ဆို ငှက်ပျောတွေ စိုက်တယ်၊ တချို့ဆို နှစ်ရှည်သစ်ပင်တွေ စိုက်လာတယ်” ဟု ပြောသည်။

ရခိုင်တွင် စစ်ပွဲများကြောင့် ကုန်စည်စီးဆင်းနိုင်သည့် ကုန်းလမ်း၊ ရေလမ်းများအား ပိတ်ဆို့ထားခြင်းကြောင့် ကုန်စည်ပြတ်တောက်ကာ ကုန်ဈေးနှုန်းထိုးတက်သည့် ဒဏ်ကို ရခိုင်ဒေသခံများ ခံစားနေကြရသည်။

မိုးစပါးစိုက်ပျိုးရန် စက်သုံး ဒီဇယ် ၁ ပိပီပါလျှင် ယခင်နှစ်က ၅ သိန်းဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၇ သိန်းကျော်အထိ ဈေးမြင့်တက်နေပြီး ဓာတ်မြေဩဇာ ဈေးနှုန်းမှာလည်း ယခင်နှစ်က ၁ သိန်းဝန်းကျင်ကနေ ယခုနှစ်တွင် ၃ သိန်းကျော်အထိ မြင့်တက်နေသည်ဟု လယ်သမားများက ပြောကြသည်။

ရခိုင်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးဧက လျော့ကျသွားနိုင်ပြီး လာမည့်နှစ် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဓညဝတီ မျိုးစပါးစိုက်ပျိုးရေးအသင်းမှ တာဝန်ရှိသူ ဦးမောင်သိန်းလှက ပြောသည်။

“ရခိုင်ကလယ်သမားတွေအနေနဲ့ စိတ်လျော့ပြီး မစိုက်ဘဲမနေကြဖို့ တိုက်တွန်းချင်တယ်။ ဒီနှစ် မိုးစပါးစိုက်ပျိုးဖို့ အခက်အခဲမျိုးစုံနဲ့ ကြုံရနိုင်ပေမယ့် တကယ်လို့ မစိုက်ပျိုးလိုက်ရင် နောက်နှစ် ရခိုင်ပြည်တွင်းမှာ စားသုံးဖို့ဆန်တွေ လုံလောက်မှာ မဟုတ်ဘူး။ မလုံလောက်ရင် ပြည်သူတွေဒုက္ခအများကြီးတွေ့မှာ” ဟု သူက ပြောသည်။ 

ရခိုင်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသည့်အနက် ပြီးခဲ့သည့်နှစ်တွင် ဧက ၉ သိန်း ခန့်စိုက်ပျိုးနိုင်ခဲ့သော်လည်း မိုခါမုန်တိုင်းအပြင် ရေကြီးရေလျှံမှုများကြောင့် လယ်သမားအများစုမှာ အရှုံးပေါ်ကြသည်။ 

ဗီဒီယိုများ