စစ်တွေဒေသခံများကို စစ်ကောင်စီ ဖမ်းဆီးငွေညှစ်နေ 

စစ်တွေဒေသခံအများစုမှာ တိုက်ပွဲဖြစ်ပွားမည့် စိုးရိမ်ချက်ဖြင့် ဘေးလွတ်ရာများသို့ တိမ်းရှောင်နေကြသော်လည်း ကျန်ဒေသခံများမှာ ငွေကြေးအခက်အခဲ၊ လမ်းခရီးပိတ်ဆို့ထားမှုတို့ကြောင့် မြို့ပေါ်၌ ပိတ်မိနေကြသည်။ 

By Admin 17 Jul 2024

တိုက်ပွဲမဖြစ်ခင်က အများပြည်သူစည်ကားရာ ပွိုင့်အပန်းဖြေစခန်း လက်ရှိမြင်ကွင်း။ ဓာတ်ပုံ - CJ
တိုက်ပွဲမဖြစ်ခင်က အများပြည်သူစည်ကားရာ ပွိုင့်အပန်းဖြေစခန်း လက်ရှိမြင်ကွင်း။ ဓာတ်ပုံ - CJ

DMG ၊ ဇူလိုင် ၁၇ 

ရခိုင်ပြည်၊ စစ်တွေမြို့ကို အဝင်အထွက်ပိတ်ဆို့ထားသော စစ်ကောင်စီသည် ဒေသခံများအား မတရားဖမ်းဆီးကာ ငွေညှစ်တောင်းခံမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဇူလိုင်လ ပထမပတ်အတွင်း ကုန်တန်းရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ မြို့သူကြီးရပ်ကွက်နှင့် ထန်းပင်ရင်းရပ်ကွက်တို့မှ ဒေသခံ ၁၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၃၀ မှ ၅၀ ထိပေးမှ လွတ်ပေးမည်ဟု ပြောထားသည်။ 

“အပြစ်မရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီးတော့ ငွေညှစ်နေတာက တိုက်ပွဲစကတည်းက လုပ်နေတာပါ။ အခုလည်း ဒီအတိုင်းပဲ။ ဒီလောက်ခက်ခဲနေတဲ့ကာလမှာ အဲလောက်ငွေပမာဏပေးဖို့ ဘယ်သူမှတတ်နိုင်မှာမဟုတ်ဘူး” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။  

ဖမ်းခံထားသူများကို အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။ ဖမ်းဆီးခံထားရသူများမှာ အခြေခံလက်လုပ်လက်စားများဖြစ်၍ စစ်ကောင်စီတောင်းသည့် ငွေပမာဏကိုပေးရန် အခက်အခဲများရှိကြသည်။ 

“ဒီလူတွေကို ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ် ဆိုတဲ့အထာနဲ့ အခုလိုလုပ်နေတာ။ ဒီလောက်ခက်ခဲတဲ့အချိန်မှာ ထမင်းမငတ်ရုံပဲရှိကြတာ။ ပိုက်ဆံလည်း ဘယ်သူမှ မပေးနိုင်ပါဘူး” ဟု စက်ရုံစုရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၂၀၀ ခန့်ကိုဖမ်းဆီးခဲ့ပြီး ၄၀ ဦးထက်မနည်းကို မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်။ ကျန်လွတ်လာသူများထဲမှ ၅၀ ဦးခန့်မှာ တစ်ဦးလျှင် ငွေကျပ် အနည်းဆုံး ၂ သိန်းမှ ၇ သိန်းအထိပေးခဲ့ရကြောင်း သိရသည်။

အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိဘဲ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေချိန် ဧည့်စာရင်းအကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးငွေညှစ်နေ၍ ဒေသခံများမှာ ဒုက္ခရောက်နေရသည်။ 

စစ်တွေဒေသခံအများစုမှာ တိုက်ပွဲဖြစ်ပွားမည့် စိုးရိမ်ချက်ဖြင့် ဘေးလွတ်ရာများသို့ တိမ်းရှောင်နေကြသော်လည်း ကျန်ဒေသခံများမှာ ငွေကြေးအခက်အခဲ၊ လမ်းခရီးပိတ်ဆို့ထားမှုတို့ကြောင့် မြို့ပေါ်၌ ပိတ်မိနေကြသည်။ 

စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက “ငွေကြေးတတ်နိုင်သူတွေပဲ တိမ်းရှောင်နိုင်တာ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ကို လုံခြုံတင်းကျပ်ထားပြီး ဒေသခံများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေ၍ မြို့တွင်းနေထိုင်သူများမှာ လုံခြုံမှုကင်းမဲ့နေသည်။