စစ်ကောင်စီမှာယူထားသော စားကုန်၊ စက်သုံးဆီနှင့် ဆောက်လုပ်ရေးပစ္စည်းတန်ချိန် နှစ်ထောင်ကျော် စစ်တွေသို့ရောက်ရှိ 

“ရခိုင်ပြည်ပြန်လည်ထူထောင်ရေး” အတွက်ဟုဆိုကာ ဆန်၊ စက်သုံးဆီ၊ စားသောက်ကုန်၊ တည်ဆောက်ရေးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း ၂,၀၈၃ ဒသမ ၄၄ တန်ချိန်မှာ စစ်တွေအိန္ဒိယဆိပ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 

By Admin 26 Jun 2024

စစ်ကောင်စီမှာယူထားသော စားကုန်၊ စက်သုံးဆီနှင့် ဆောက်လုပ်ရေးပစ္စည်းတန်ချိန် နှစ်ထောင်ကျော် စစ်တွေသို့ရောက်ရှိ 

DMG ၊ ဇွန် ၂၆

ရခိုင်ပြည်နယ် စစ်ကောင်စီက ရန်ကုန်မှမှာယူထားသော ကုန်ပစ္စည်းတန်ချိန် ၂,၀၀၀ ကျော် တင်ဆောင်လာသော ကုန်တင်သင်္ဘောကြီးများမှာ စစ်တွေမြို့သို့ ဇွန်လ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

“ရခိုင်ပြည်ပြန်လည်ထူထောင်ရေး” အတွက်ဟုဆိုကာ ဆန်၊ စက်သုံးဆီ၊ စားသောက်ကုန်၊ တည်ဆောက်ရေးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း ၂,၀၈၃ ဒသမ ၄၄ တန်ချိန်မှာ စစ်တွေအိန္ဒိယဆိပ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 

အဆိုပါကုန်ပစ္စည်းများအား သိုလှောင်ထိန်းသိမ်းရောင်းချခြင်း မပြုစေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေရေးအတွက် ဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မှာကြားခဲ့ကြောင်း သိရသည်။ 

ရခိုင်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ပင်ထားပြီး စစ်တွေမြို့တွင် ဆန်၊ စက်သုံးဆီနှင့် စားသောက်ကုန်များကို ရန်ကုန်ကနေ ရေလမ်းသုံးပြီး ဖြည့်တင်းနေခြင်းဖြစ်သည်။ အဆိုပါကုန်ပစ္စည်းများမှာ စစ်ကောင်စီတပ်ရင်းများအတွက်ဖြစ်ပြီး မြို့ခံများအတွက် မဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

“ရခိုင်တပြည်လုံး စားနပ်ရိက္ခာပိတ်ဆို့မှုဒဏ်ကို ခံနေရတယ်။ ဒီအချိန်မှာ စစ်ကောင်စီက စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေ မှာတယ်ဆိုတာ ပြည်သူတွေအတွက် ဘယ်လိုမှမဟုတ်နိုင်ဘူး။ လူတွေကလည်း အေအေက စစ်တွေကို ထိုးစစ်ဆင်နိုင်တယ်လို့ ယုံကြည်နေကြတယ်။ ဒီတော့ ဆက်စပ်စဥ်းစားမယ်ဆိုရင် ဒီကုန်စည်တွေဟာ ပြည်သူအတွက် တစ်စုံတစ်ရာမပါဘဲ စစ်ကောင်စီက ခံစစ်အခိုင်အမာပြင်ဆင်ဖို့အတွက်လို့ ပြောနိုင်တယ်” ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇွန်လ ၁၈ ရက်ကလည်း ၂၄ ပြည်ဆံ့သည့် ဆန်အိတ်ပေါင်း ၃၉,၀၀၀ ကျော်နှင့် စက်သုံးဆီ၊ ဆောက်လုပ်ရေးပစ္စည်း၊ လောင်စာတောင့်များအပါအဝင် တန် ၂,၀၀၀ ကျော်ရှိသည့် ကုန်စည်များကို စစ်တွေသို့ ပို့ဆောင်ခဲ့သည်။ မေလ ၇ ရက်ကလည်း စစ်တွေမြို့နေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်ဆိုပြီး ကုန်ပစ္စည်းတန်ချိန် ၁,၅၀၄ ဒသမ ၄၃ တန်ကို ကုန်တင်သင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့သည်။

အဆိုပါကုန်ပစ္စည်းများမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန်အတွက်ဟု  စစ်ကောင်စီက အကြောင်းပြသော်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများသို့ အများဆုံးရောက်ရှိသွားပြီး ပြည်သူများထံ မရောက်ကြောင်း စစ်တွေမြို့ခံများက ပြောသည်။

“ကုန်ပစ္စည်းတွေ ရောက်တယ်လို့လည်းပြောတယ်၊ ကုန်ဈေးနှုန်းက မကျဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတဲ့ စီးပွားရေးသမားတွေပဲ လုပ်စားနေကြတာ။ နောက်ပြီးတော့ အဲဒီရိက္ခာတွေက စစ်တပ်ထဲကို ရောက်သွားတာပိုများတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက မြို့အဝင်/အထွက်ဂိတ်များကို ပိတ်ဆို့ကာ လုံခြုံရေးကို တိုးမြှင့်ချထားပြီး စစ်ရေးပြင်ဆင်ထားသည်။ 

မြို့နေလူဦးရေ သုံးပုံနှစ်ပုံခန့်မှာ မြို့ပေါ်တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကာ ကျန်မြို့ခံများမှာ လမ်းခရီးအခက်အခဲ၊ ငွေကြေးအခက်အခဲများကြောင့် မြို့ပေါ်တွင် ပိတ်မိနေကြသည်။

စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်အစပ်မှ ရခိုင်လူမျိုးများနေထိုင်သော ကျေးရွာ ၁၄ ရွာထက်မနည်းကို စစ်ကောင်စီက ဒေသခံများသဘောဆန္ဒမပါဘဲ အတင်းနှင်ထုတ်ကာ စခန်းချတပ်စွဲထားသည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “မောင်တောကို AA တိုက်ပြီးရင် စစ်တွေကို လာတိုက်နိုင်တယ်လို့ ထင်တာပေါ့လေ။ စစ်ကောင်စီက စစ်တွေမြို့ကို လွယ်လွယ်နဲ့လက်လွှတ်ခံမှာတော့ မဟုတ်ဘူး။ ဒါကြောင့် လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာအင်အားတွေ ဖြည့်တင်းနေတာ” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ဗီဒီယိုများ