ရခိုင်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ကျောင်းဆရာမနှင့် ကျောင်းသားကျောင်းသူ ၂၁ ဦးအထိ ရှိလာ

အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားသည့် ရခိုင်ပြည်တွင် ဇူလိုင်လ ၆ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ကျောင်းဆရာမ ၈ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

07 Jul 2021

သံတွဲမြို့တွင် ပိုးတွေ့လူနာများ ဆေးရုံမှ ဆင်းခွင့်ရရှိချိန် ဌာနဆိုင်ရာများမှ ကြက်ဥနှင့် စားစရာများ ထောက်ပံ့နေစဉ်။ (ဓါတ်ပုံ - R011)

DMG | ဇူလိုင် ၇

အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားသည့် ရခိုင်ပြည်တွင် ဇူလိုင်လ ၆ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ကျောင်းဆရာမ ၈ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

သံတွဲမြို့နယ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ ကျောင်းဆရာမ နှစ်ဦးနှင့် ကျောင်းသားကျောင်းသူ ရှစ်ဦးတို့ တွင်လည်းကောင်း၊ မောင်တောမြို့နယ်တွင် ကျောင်းဆရာမ နှစ်ဦးနှင့် ကျောင်းသားကျောင်းသူနှစ်ဦးတို့တွင် လည်းကောင်း၊ စစ်တွေမြို့နယ်တွင် ဆရာမတစ်ဦးနှင့် ကျောင်းသူတစ်ဦးတွင်လည်းကောင်း၊ ပေါက်တောမြို့နယ်တွင် ဆရာမ ၁ ဦး၊ ဂွမြို့နယ်တွင် ကျောင်းသားတစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် KG တန်း တစ်ဦး၊ ကျောက်ဖြူမြို့နယ်တွင် ဆရာမတစ်ဦးနှင့် မြောက်ဦးမြို့နယ်တွင် ကျောင်းသူ ၁ ဦးတို့ထံတွင် အသီးသီးတွေ့ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်တွင် ကျောင်းသားကျောင်းသူများအနေဖြင့် ပညာရေးနှင့် အဆက်ပြတ်နေခဲ့သည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ရခိုင်ပြည်ရှိကျောင်းများကို လက်ရှိတွင် ပိတ်ရန်မရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာထွန်းထွန်းသိန်းက ဆိုသည်။

“လက်ရှိမှာတော့ ကျောင်းတွေကို ပိတ်မှာမဟုတ်ပဲ ကန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ၊ Mask တပ်တာ၊ ခြောက်ပေခြား ထိုင်ခိုင်းတာတွေလုပ်ပြီး ပညာဆက်သင်သွားမှာပါ” ဟု ၎င်းက ပြောသည်။

COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် ကျောင်းများတွင် ပိတ်ထားခြင်းထက် စည်းခြားထားသည့် သဘောမျိုးလုပ်ဆောင်ထားပြီး ထိုကျောင်းများကိုလည်း လက်တလောယာယီ ပိတ်ထားခြင်းများရှိကြောင်း ဒေါက်တာထွန်းထွန်းသိန်းက ဆိုသည်။

“စည်းခြားထားတယ်ဆိုတာက ပိုးတွေ့တဲ့ ဆရာဆရာမတွေကို ဆေးရုံမှာထားတယ်။ သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို အိမ်မှာပဲနေခိုင်းထားတယ်။ နောက်ပြီးကျောင်းတွေယာယီပိတ်ထားတယ်ဆိုကလည်း ကျွန်တော်တို့က ညွှန်ကြားတာမဟုတ်ပါဘူး။ မိဘတွေရဲ့သဘောနဲ့ ယာယီခြားထားတဲ့သဘောပါပဲ။ နောက်တစ်ပတ်တန်သည် နှစ်ပတ်တန်သည် သင်ကြားမှုကို ယာယီရပ်နားထားတဲ့သဘောပါ” ဟု ၎င်းက ရှင်းပြသည်။

COVID-19 ရောဂါပိုးတွေ့သူဦးရေတိုးလာသည်နှင့်အမျှ သံတွဲမြို့နယ်ရှိ ကျောင်းအချို့တွင်လည်း ကျောင်းတက်သူဦးရေ လျှော့ကျလာနေကြောင်း ဆရာဆရာမများထံမှ သိရသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၆ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့လူနာ ၅၆၀ ဦးအထိ ရှိလာနေပြီး သေဆုံးသူ လေးဦးအထိရှိနေပြီဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၆ ရက် ညနေ ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၇၁၉၇၆ ) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ (၁၄၀၃၈၇) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၃၅၁၃) ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။