စစ်တွေမြို့တွင် ပိတ်မိနေသည့် သီလရှင်များ အကျပ်အတည်းဖြစ်နေ 

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဒေသခံအများအပြားမှာ မြို့မှ ကြိုတင်တိမ်းရှောင်နေကြသည်။ စစ်ကောင်စီ၏ လမ်းပိတ်ဆို့ထားမှုကြောင့် စစ်တွေမြို့တွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ငွေကျပ် ၂၇၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ 

By Admin 28 Aug 2024

စစ်တွေမြို့တွင် ပိတ်မိနေသည့် သီလရှင်များ အကျပ်အတည်းဖြစ်နေ 

DMG ၊ ဩဂုတ် ၂၈ 

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်သွားကြ၍ အလှူရှင်နည်းပါးလာခြင်းနှင့် ဆွမ်းဆန်စိမ်းခံ၍ အဆင်မပြေတော့ခြင်းတို့ကြောင့် သီလရှင်များမှာ ဆွမ်းအကျပ်အတည်းဖြင့် ကြုံနေရကြောင်း သိရသည်။ 

“သည်းခံပြီး ကျော်ဖြတ်နေကြရတယ်။ အလှူရှင်တွေ အရင်လို မရှိတော့ဘူး။ အရင်ကလို ဆွမ်းနပ်မှန်သုံးရဖို့ မနည်းရုန်းကန်နေရတယ်” ဟု စစ်တွေမြို့မှ သီလရှင်တစ်ပါးက မိန့်သည်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဒေသခံအများအပြားမှာ မြို့မှ ကြိုတင်တိမ်းရှောင်နေကြသည်။ စစ်ကောင်စီ၏ လမ်းပိတ်ဆို့ထားမှုကြောင့် စစ်တွေမြို့တွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ငွေကျပ် ၂၇၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ 

သီလရှင်များမှာ ယခင်က ဆွမ်းဆန်စိမ်းခံလျှင် တစ်နေ့ကို အလှူငွေနှစ်သောင်းကျပ်နီးပါး ရရှိခဲ့သော်လည်း လက်ရှိတွင် ဆန်အလှူပင် မရရှိကြတော့ကြောင်း သိရသည်။ 

နောက်ထပ် သီလရှင်တစ်ပါးက “ဆွမ်းဆန်စိမ်းခံလို့လည်း မရတော့ဘူးလေ။ ကုန်ဈေးကြီးတော့ အရင်လို ဆွမ်းမထည့်နိုင်ကြတော့ဘူး။ သီလရှင်တွေမှာ တခြား ဝေယျာဝစ္စကိစ္စတွေအတွက်လည်း ငွေလိုတယ်။ ဒါပေမယ့် အရင်လို အလှူငွေတွေ မရတော့ အရမ်းအခက်အခဲဖြစ်နေကြတယ်” ဟု မိန့်သည်။ 

သီလရှင်များမှာ ရပ်ကွက်ထဲသို့ ဆွမ်းဆန်စိမ်းခံရန် အုပ်စုလိုက် ဆယ်ပါးနှင့်အထက် လာရောက်တတ်သော်လည်း လက်ရှိတွင် တစ်ပါး (သို့မဟုတ်) နှစ်ပါးခန့်သာ တွေ့မြင်ရတော့ကြောင်း စစ်တွေဒေသခံများက ပြောသည်။ 

“အခုက သီလရှင်တွေ အရင်လို ဆွမ်းဆန်စိမ်းခံထွက်တာ မတွေ့ရတော့ဘူး။ တစ်ခါတစ်လေပဲ တွေ့ရတယ်။ လူတွေလည်း အရင်လို မလှူနိုင်ကြတော့ဘူးလေ” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။ 

စစ်တွေမြို့တွင် သီလရှင်စုစုပေါင်း ၃၀၀ ထက်မနည်းရှိခဲ့ပြီး ၁၀၀ ခန့်မှာ စစ်ဘေးရှောင်သွား၍ လက်ရှိတွင် သီလရှင် ၂၀၀ ဝန်းကျင်သာ မြို့တွင်း၌ရှိတော့ကြောင်း သိရသည်။ 

စစ်တွေမြို့တွင်းရှိ သီလရှင်များအတွက် အလှူငွေ ကောက်ခံပေးနေသည့် အမျိုးသမီးတစ်ဦးက “သီလရှင်တွေက ကိုယ့်ဘာသာကိုယ် ဆွမ်းချက်ရင် အသား၊ ငါးဟင်းနဲ့ ဆွမ်းမသုံးရတော့ဘူး။ ကန်စွန်းခင်းတွေ စိုက်ထားကြပြီး အဲဒီက ကန်စွန်းကို ခူးချက်ပြီး ဆွမ်းသုံးကြရတယ်။ အဓိက မြို့မှာ လူမရှိတော့လို့ ကျပ်တည်းသွားတာ” ဟု ပြောသည်။ 

ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍပေါင်းစုံ၏ ကျပ်တည်းမှုဒဏ်ကို ဒေသခံများအပြင် ရဟန်းသံဃာများ၊ သီလရှင်များပါ ခံစားနေကြရသည်။