မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တို့ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာ

နယ်စပ်ဒေသက AA ၏ လုံခြုံရေးစခန်းငယ်များကို ARSA အဖွဲ့က လာရောက်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲဖြစ်ရခြင်းဟု သတင်းရင်းမြစ်များက ပြောသည်။

By Admin 25 Sep 2024

၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရသော ARSA အဖွဲ့ဝင်များ။ (ဓာတ်ပုံ - ARSA)
၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရသော ARSA အဖွဲ့ဝင်များ။ (ဓာတ်ပုံ - ARSA)

DMG ၊ စက်တင်ဘာ ၂၅

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မောင်တောမြို့မြောက်ပိုင်းဒေသ ဘင်္ဂဘားဒေ့ရှ် နယ်စပ်တွင် ARSA နှင့် AA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နယ်စပ်ဒေသက AA ၏ လုံခြုံရေးစခန်းငယ်များကို ARSA အဖွဲ့က လာရောက်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲဖြစ်ရခြင်းဟု သတင်းရင်းမြစ်များက ပြောသည်။

“မောင်တောမြောက်ပိုင်းတခွင်မှာ အာဆာအဖွဲ့က နယ်စပ်တကြောမှာ လှုပ်ရှားပြီးတော့ AA စခန်းငယ်တွေကို ချောင်းမြောင်းပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲက ကြိုကြားကြိုကြားဖြစ်တယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ ဟိုတစ်နေ့(စက်တင်ဘာ ၂၃) ရက်ဆိုရင် တမန်းသားကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

အလားတူ ARSA တပ်ဖွဲ့ဝင်များသည် အရပ်သားယောင်ဆောင်ကာ နယ်စပ်တလျောက် လှုပ်ရှားမှုများရှိနေသဖြင့် ဒေသခံများမှာလည်း လုံခြုံရေးကို ဂရုစိုက်သွားလာနေရကြောင်း ဆိုသည်။

လက်ရှိတွင် တစ်ရွာနှင့်တစ်ရွာ သွားလာမှုများကို AA က ကန့်သတ်ထားပြီး လုံခြုံရေးကို အလေးထား ဆောင်ရွက်နေကြောင်း သိရသည်။

“ARSA အဖွဲ့တွေက လမ်းသွားလမ်းလာ ဒေသခံတွေကိုလည်း သတ်ဖြတ်မှုတွေရှိတဲ့အတွက် လမ်းတွေကို ပိတ်ထားရတယ်။ နောက်ပြီးတော့ နယ်စပ်က AA ရဲ့ လုံခြုံရေးစခန်းတွေကို မကြာခဏဆိုသလို ခြိမ်းခြောက်ပစ်တာ တွေကြောင့် မြေပြင်အခြေအနေက သတိထားရတယ်” ဟု သတင်းရင်းမြစ်နောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည် စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့ ညအချိန်တွင် AA စခန်းကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ဂျာလီယာဒွိကျွန်း (Jaliadwip Island) ကနေ RSO အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

မောင်တောမြောက်ပိုင်း တိုက်ပွဲများ၊ လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က မောင်တော ကြိမ်ချောင်းသို့ ကုန်ပစ္စည်းဝယ်ရန်လာသည့် အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်မှုကြောင့် ဘူးသီးတောင်ဒေသခံ ၅ ဦး သေဆုံးပြီး၊ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်။ 

ရခိုင်စစ်ရေး လေ့လာစောင့်နေသူတစ်ဦးက “မောင်တောဒေသဟာ တကယ့်အရှုပ်အထွေးနေရာဖြစ်တယ်။ နခခ ၅ ကို AA က ပိတ်ဆို့ထိုးစစ်ဆင်နေလို့ မကြာခင်ကျတော့မှာမို့ စစ်ကောင်စီရဲ့မဟာမိတ် အာဆာတွေကလည်း စစ်ကောင်စီအားသာရေး AA ကို အခြားနည်းနဲ့ တိုက်ခိုက်နေတာလို့မြင်တယ်။ အဓိကတော့ နခခ ၅ တိုက်ပွဲကို အာရုံလွှဲဖို့အတွက် တိုက်ခိုက်တာလို့ သုံးသပ်ရတယ်။ AA ကလည်း ဒီကိစ္စတွေကို နှိမ်နှင်းဖို့ ကြိုးစားရမှာပါ ” ဟု  ပြောသည်။

စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း မြို့သူကြီး နခခ(၅) ကို သိမ်းပိုက်ရရှိပါက မောင်တောဒေသတစ်ခုလုံးကို AA က အပြီးသတ်သိမ်းပိုက်ရရှိမည် ဖြစ်သည်။ သို့သော် နယ်စပ်တကြောတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားမှုရှိနေ၍ မောင်တောကို အလုံးစုံ ထိန်းချုပ်နိုင်ရန် AA အတွက် စိန်ခေါ်မှုများ ရှိနေသည်။