- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲတွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၉ ဦးအမှုကို ကိုဗစ်ကြောင့် ရုံးမထုတ်ဘဲ ရုံးချိန်းရွှေ့ဆိုင်း
ရခိုင်ပြည် သံတွဲခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ ၉ ဦး အမှုကို ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ရုံးချိန်းထားသော်လည်း ကိုဗစ်ရောဂါကြောင့် ရုံးမထုတ်ဘဲ ရုံးချိန်းရွှေ့ဆိုင်းလိုက်ရသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။
29 Jun 2021
DMG ၊ ဇွန် ၂၉
ရခိုင်ပြည် သံတွဲခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ ၉ ဦး အမှုကို ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ရုံးချိန်းထားသော်လည်း ကိုဗစ်ရောဂါကြောင့် ရုံးမထုတ်ဘဲ ရုံးချိန်းရွှေ့ဆိုင်းလိုက်ရသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။
သံတွဲမြို့တွင် တရားရုံးဝန်ထမ်းများအပါအဝင် ကိုဗစ်ပိုးတွေ့ရှိမှုများဖြစ်ပေါ်သည့်အတွက် ရုံးချိန်း ရွှေ့ဆိုင်း လိုက်ရခြင်းဖြစ်ပြီး အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသူများ အမှုအား လာမည့် ဇူလိုင်လ ၁၃ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောသည်။
“သံတွဲမှာ ကိုဗစ်တွေဖြစ်နေတယ်ဆိုတော့ ဒီနေ့အမှုနဲ့ပက်သတ်ပြီး ရုံးမထုတ်ဘူး။အားလုံးကို ဇူလိုင်လ ၁၃ ရက်နေ့ကို ပြန်ပြီး ချိန်းလိုက်တယ်” ဟုဆိုသည်။
ယမန်နေ့ ဇွန် ၂၈ ရက်နေ့က သံတွဲမြို့တွင် တရားရုံးဝန်ထမ်း ၄ ဦး၌ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သလို လက်ရှိ သံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၅ ဦးရှိလာပြီဖြစ်သည်။
သံတွဲမြိုနယ်တွင် ဇွန်လ ၂၄ ရက်နေ့က ဂျိတ္တောရပ်ကွက်၊ ကျွဲသောက်ကုန်း (အ.လ.က) စာသင်ကျောင်းမှ ဆရာမတစ်ဦးတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့ပြီးနောက် ဇွန်လ ၂၈ ရက်နေ့အထိ လေးရက်အကြာတွင် ကိုဗစ်အတည်ပြုလူနာ ၂၅ ဦးအထိ ရှိလာခြင်းဖြစ်သည်။
အကြမ်းဖက်ဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသူများမှာ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာက ကိုသန်းနိုင်၊မအီမြို့မှ မောင်ကြီး၊မောင်တို့ဖြစ်ပြီး ၎င်းတို့မှာ မောင်ကြီး၏ နေအိမ်ရှိ ဗီရိုထဲတွင် ဓာတ်ခဲနှစ်စုံနှင့် ယမ်းတောင့်များတွေ့သည်ဆိုကာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
ယင်းအပြင် ချက်ဖောက်ကျေးရွာမှ ကိုကျော်တင်အောင်၊ကိုထွေးမောင်၊ကိုနေရဲဝင်းတို့ကိုလည်း ကိုကျော်တင်အောင် နေအိမ်တွင် ဗုံးတွေ့သည်ဟုဆိုကာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (ဈ)ဖြင့် တရားစွဲ ဆိုထားခြင်းဖြစ်သည်။
အလားတူ ကြက်ကိုင်းကျေးရွာမှ ကိုစံချစ်အောင်နှင့်ကိုလှသန်းမောင်၊တမာကျေးရွာမှ ကိုအောင်လွင်စိုးတို့မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းက တောင်ကုတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပါအဝင် ရက္ခိုင့်တပ်တော် (AA)ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်သံသယတို့ဖြင့် အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀ (ဈ)၊ ၅၀ (ည)တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ အတွင်းကနေ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ၁ နှစ်ခန့်အထိ ရှိလာနေပြီဖြစ်သည်။ အဆိုပါတရားစွဲဆိုခံထားရသူများသည် လက်ရှိအချိန်၌ သံတွဲအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရကြောင်း သိရသည်။