ULA/AA ၏ အကျင့်ပျက် ဝန်ထမ်းများကို အရေးယူမည်

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း ULA/AA ၏ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်း အချို့သည် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်နေသည်ကို ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု AA က ထုတ်ပြောလာသည်။

By Admin 14 Sep 2024

ကျိန္တလီမြို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပိုင် ရွှေ၊ ငွေများအား AA တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် ပိုင်ရှင်များလက်ထဲသို့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်အပ်နေစဉ်။
ကျိန္တလီမြို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပိုင် ရွှေ၊ ငွေများအား AA တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် ပိုင်ရှင်များလက်ထဲသို့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်အပ်နေစဉ်။

DMG ၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း ULA/AA ၏ တပ်ဖွဲ့ဝင်အချို့သည် အကျင့်ပျက်ခြစားကာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်နေသဖြင့် ၎င်းတို့အား ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု AA က ထုတ်ပြောလာသည်။

တိုက်ပွဲအတွင်း လိုက်နာကျင့်သုံးရမည့် စစ်သည်ကျင့်ဝတ်များနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို အဆင့်ဆင့်ညွှန်ကြားထားပြီး ဖြစ်သော်လည်း “မိမိတို့၏ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်း အချို့သည် လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်နေသဖြင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်” ဟု AA က ဆိုသည်။

စက်တင်ဘာ ၁၃ ရက်က ထုတ်ပြန်သည့် ‘အာရက္ခဒေသ၏ မြို့သိမ်းတိုက်ပွဲများကာလအတွင်း ပြည်သူ့စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အပ်နှံခြင်းမပြုဘဲ အလွဲသုံးစားလုပ်ထားကြသူများအား အပြစ်ပေးအရေးယူထားပြီး မိမိတို့ထိန်းသိမ်းထားသော ပစ္စည်းများကို ကာယကံရှင်များလက်ထဲသို့ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်’ တွင် ဆိုထားသည်။ 

ထို့အတူ တိုက်ပွဲကာလ ဒေသခံများ စစ်ဘေးရှောင်နေကြချိန် ကျန်ရစ်ခဲ့သည့် ပစ္စည်းဉစ္စာများ အခိုးခံရမှုများကို သေချာစွာစုံစမ်းစစ်ဆေးပြီး ကျူးလွန်ခဲ့သူများကို ထိုက်တန်သော အပြစ်ပေး အရေးယူထားပြီး ပစ္စည်းများကိုလည်း ပိုင်ရှင်များလက်ထဲသို့ ပေးအပ်ထားကြောင်း သိရသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများသည် တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုး မဟုတ်ဘဲ သိမ်းဆည်းထားခဲ့ခြင်း၊ ဝှက်ထားခဲ့သောပစ္စည်းများကို တွေ့ရှိခြင်းမရှိပါက သက်ဆိုင်ရာဒေသ၊ နယ်မြေအုပ်ချုပ်ရေးမှူးများထံတွင် မှန်မှန်ကန်ကန် သတင်းပေးကြရန် တိုက်တွန်းထားသည်။

ရခိုင်က မြို့နယ်များအပါဝင် ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများမှ ဝှက်ထားခဲ့သည်ကို မိမိတို့ တပ်ဖွဲ့ဝင်များမှ ရှာဖွေတွေ့ရှိခဲ့သောကြောင့် ပစ္စည်းများအားလုံးကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီးဖြစ်ကြောင်း AA က ဆိုသည်။

AA သည် ရခိုင်ဒေသအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲအပြင် ချင်းပြည်နယ် ပလက်ဝဒေသတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားသည်။

တပြိုင်နက်တည်းတွင် မောင်တောမြို့အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေး ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ကိုဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့သွားမည်ဟု AA က ဆိုထားသည်။