ရခိုင်နှင့် စစ်ကိုင်းတွင် အရပ်သားအများအပြား သတ်ဖြတ်ခံရမှု ကုလရှုတ်ချ

နိုင်ငံတစ်ဝန်းရှိ နေရာအများအပြားတွင် အဆင်ခြင်မဲ့ လေကြောင်းဗုံးကြဲမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ဆက်လက်ဖြစ်ပျက်နေသည်ကို ကြားသိရသည်ပြီး ကျူးလွန်သူများအနေဖြင့် တာဝန်ယူရမည်ဟု ထုတ်ပြန်သည်။

By Admin 07 Jun 2024

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်။ ဓာတ်ပုံ - Middle East Monitor
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်။ ဓာတ်ပုံ - Middle East Monitor

DMG ၊ ဇွန် ၇ 

ရခိုင်ပြည်နှင့် စစ်ကိုင်းတိုင်းတို့တွင် မကြာသေးမီက မြန်မာစစ်တပ်၏ သတ်ဖြတ်မှုများကြောင့် အရပ်သားအများအပြား အသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က ‘အထူးစိုးရိမ်’ လျက်ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ် စတက်ဖင်ဒူဂျာရစ်က ပြောကြားလိုက်သည်။ 

ဇွန်လ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်၌ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ယခုကဲ့သို့ ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်း၌ အကြမ်းဖက်မှုများ မြင့်တက်လာသည့်အပေါ် အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်လျက်ရှိသလို ရခိုင်ပြည်နှင့် စစ်ကိုင်းတိုင်းတို့တွင် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် မကြာသေးမီက အရပ်သား အများအပြား သေဆုံးခဲ့ရသည် ဖြစ်ရပ်များအတွက်လည်း ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်လူမျိုးများကို ပစ်မှတ်ထားသည့် ဖြစ်ရပ်များ၊ မွတ်ဆလင်ဒုက္ခသည်များအပေါ် ဖိနှိပ်မှုများ ဆက်လက်ကျူးလွန်နေခြင်းတို့သည် လူ့အသိုင်းအဝိုင်း အားလုံးအတွက် ကူညီကာကွယ်ပေးရန် လိုအပ်ချက်ကို မီးမောင်းထိုးပြနေခြင်းဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတစ်ဝန်းရှိ နေရာအများအပြားတွင် အဆင်ခြင်မဲ့ လေကြောင်းဗုံးကြဲမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ဆက်လက်ဖြစ်ပျက်နေသည်ကို ကြားသိရသည်ပြီး ကျူးလွန်သူများအနေဖြင့် တာဝန်ယူရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပဋိပက္ခနှင့် ဆက်စပ်နေသည့် အင်အားစုများအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ကြရန်၊ အရပ်သားများကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့်အညီ ဦးစားပေးကာကွယ်ကြရန်၊ ဒေသတွင်း တင်းမာမှုများနှင့် အကြမ်းဖက်မှုများ ထပ်တိုးဖြစ်ပွားမလာအောင် ကာကွယ်ကြရန်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုထားသည်။

မြန်မာ့အရေးသည် ပိုမိုဆိုးရွားလာနေပြီး ဒေသတွင်း ဂယက်ရိုက်ခတ်မှုများလည်း ပိုမိုကျယ်ပြန့်လာသည့်အပေါ် အတွင်းရေးမှူးချုပ်က အထူးစိုးရိမ်လျက်ရှိကာ မြန်မာ့အရေးကို စည်းလုံးညီညွတ်စွာ ချဉ်းကပ်ကြရန် ထပ်မံ၍ မေတ္တာရပ်ခံသည်ဟုလည်း စတက်ဖင်ဒူဂျာရစ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့အရေးတွင် ကြားဝင်ဆောင်ရွက်ပေးရန် မကြာသေးမီကမှ ခန့်အပ်ထားသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ကိုလည်း အာဆီယံနိုင်ငံများနှင့် မြန်မာ့အရေး သက်ဆိုင်ရာ အင်အားစုများက ပူးပေါင်းဆောင်ရွက်ပေးကြရန် ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းကြောင်း ဒူဂျာရစ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ