ကုလ လူ့အခွင့်အရေးကောင်စီ ဘက်လိုက်ဆုံးဖြတ်နေကြောင်း စစ်ကောင်စီပြော

ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဂျီနီဗာအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှုများကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ  ပြုလုပ်ခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများနှင့် သွေဖယ်နေကြောင်း စစ်ကောင်စီက ပြောသည်။ 

By Admin 16 Jul 2024

ကုလသမဂ္ဂလူ့အခွင့်အရေကောင်စီ ဆွေးနွေးပွဲတစ်ခု။ (ဓာတ်ပုံ - UN)
ကုလသမဂ္ဂလူ့အခွင့်အရေကောင်စီ ဆွေးနွေးပွဲတစ်ခု။ (ဓာတ်ပုံ - UN)

DMG ၊ ဇူလိုင် ၁၆

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအ‌ဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဘက်လိုက်သည့် ဆုံးဖြတ်ချက်များ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဂျီနီဗာအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှုများကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ  ပြုလုပ်ခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများနှင့် သွေဖယ်နေကြောင်း စစ်ကောင်စီက ပြောသည်။ 

အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အ‌ရေးချိုးဖောက်မှုများကို အလွန်အမင်းစိုးရိမ်ပြီး ကျူးလွန်သည့် လက်သည်များအား နိုင်ငံတကာရာဇဝတ်တရားရုံးနှင့် ခုံရုံးများအထိ တိုင်ကြားနိုင်အောင် ဥပဒေအကြောင်းအရ ဆောင်ရွက်ဖို့ ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံလုံးက မဲမခွဲဘဲ ဆုံးဖြတ်ခဲ့ကြသည်။ 

ယင်းဆုံးဖြတ်ချက်ကို စစ်ကောင်စီက ကန့်ကွက်လိုက်ခြင်းဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာနှင့်တင်ပြချက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြောကြားချက်များကိုသာ အလေးပေးကာ လိုရာဆွဲဖော်ပြထားကြောင်း၊ အထူးသဖြင့် AA ၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အစီရင်ခံစာတွင် လျှော့ပေါ့ဖော်ပြထားကြောင်း စစ်ကောင်စီက ဆိုသည်။

အစီရင်ခံစာတင်သွင်းသူသည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ဖို့ ဦးတည်နေပြီး အဖျက်အမှောင့်သတင်းမီဒီယာများ၊ လက်နက်ကိုင်အဖွဲ့များ၏ ဝါဒဖြန့်မှုများကိုသာ သံယောင်လိုက်ထားကြောင်း စစ်ကောင်စီက တုံ့ပြန်ထားထားသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များကြောင့် အပြစ်မဲ့ အရပ်သား ၇,၈၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ကုလအနေဖြင့် အကြမ်းဖက်အဖွဲ့များကို ရှုတ်ချရမည့်အစား ထိတွေ့ဆက်ဆံနေခြင်းမှာ  မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိမ်းသိမ်းရန်အဟန့်အတားဖြစ်စေကြောင်း စစ်ကောင်စီက ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံတဝန်းတွင် စစ်ရေးပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားနေပြီး လူ့အခွင့်အရေးချို့ဖောက်မှုဖြစ်စဉ်များ နေရာအနှံ့ဖြစ်ပွားနေသည်။

အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် အရပ်သားစုစုပေါင်း (၅,၃၉၈) ဦး သေဆုံးခဲ့ရပြီး၊ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်ရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ဗီဒီယိုများ