သံတွဲအခြေစိုက် ခမရ (၅၆၆)ကို AA တိုက်ခိုက်

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့အနီးရှိ စစ်ကောင်စီ ခမရ (၅၆၆)တပ်ရင်းကို အာရက္ခတပ်တော်(AA)က ဇွန်လ ၂၀ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။  

By Admin 21 Jun 2024

သံတွဲအခြေစိုက် ခမရ (၅၆၆)ကို AA တိုက်ခိုက်

DMG ၊ ဇွန်လ ၂၁

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့အနီးရှိ စစ်ကောင်စီ ခမရ (၅၆၆)တပ်ရင်းကို အာရက္ခတပ်တော်(AA)က ဇွန်လ ၂၀ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။  

တပ်ရင်းအထိထိုးဖောက်လာသော AA ထိုးစစ်ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံနေ၍ တိုက်ပွဲပြင်းထန်နေသည်။ 

“တပ်ရင်းအနီးကို ကပ်လာပြီးတော့ တိုက်ခိုက်တာ။ စစ်ကောင်စီဖက်ကတော့ လေယာဉ်တွေ၊ လက်နက်ကြီးနဲ့ပါ ပြန်ခုခံနေတယ်။ ဒီနေ့ နေ့လယ်ပိုင်းလည်း လက်နက်သံတွေ ကြားနေရတယ်” ဟု DMG သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

သံတွဲမြို့ကို AA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့အနီးပတ်ဝန်းကျင်တွင် နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားမှုရှိနေသည်။ 

ငပလီအရှေ့မြောက်ဘက် ဂေါ့ကျေးရွာနှင့် ငပလီမြို့ကြားတွင် ဇွန် ၁၉ ရက်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ယမန်နေ့ညနေပိုင်းထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း တိုးလာနေသည်။ 

ဇွန်လ ၂၀ ရက်က စစ်ကောင်စီလက်နက်ကြီးကျရောက်မှုကြောင့် ရွှေလှေကျေးရွာ၌ စစ်ရှောင်နေသည့် ဆင်ခေါင်းကျေးရွာသား ၃ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာရရှိခဲ့သည်။ 

“နေဗီကပစ်လို့ သေဆုံးဒဏ်ရာရသွားတာ။ ရွှေလှေဖက်မှာက ဘာတိုက်ပွဲမှမရှိတော့ဘူး။ စစ်ကောင်စီက အရပ်သားတွေကို တမင်ရည်ရွယ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ လကျော်ကြာမြင့်လာနေပြီး သံတွဲမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေး AA ကြိုးပမ်းနေသည်။ 

သံတွဲတွင် စစ်ကောင်စီ၏ ခလရ (၅၅)နှင့် ခမရ (၅၆၆) တို့အပြင် မောင်ရွှေလေးရေတပ်ခစန်း အခြေစိုက်ထားပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် သံတွဲ(ငပလီ)လေဆိပ်တွင်လည်း အင်အားတိုးချဲ့ချထားကာ ခံစစ်ပြင်ဆင်ထားသည်။

ဗီဒီယိုများ