သံတွဲ၊ မောင်တော မြို့ဝင်နေရာများတွင် မိုင်းအန္တရာယ်သတိထားရန် AA ပြော

အရပ်သားများအနေဖြင့် စစ်ကောင်စီတပ်စခန်းနှင့် ပတ်ဝန်းကျင်များသို့ သွားလာခြင်းမပြုလုပ်ကြရန်၊ မိုင်းအန္တရာယ်အသိပညာများကို သိရှိအောင် လေ့လာထားကြရန်  AA က အသိပေးထုတ်ပြန်သည်။

By Admin 13 Jul 2024

သံတွဲမြို့၊ နန်းချောင်းတံတားပေါ်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းများအား တွေ့ရစဉ်။ (ဓာတ်ပုံ - AA Info Desk)
သံတွဲမြို့၊ နန်းချောင်းတံတားပေါ်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းများအား တွေ့ရစဉ်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဇူလိုင် ၁၃

သံတွဲမြို့နှင့် မောင်တောမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် စစ်ကောင်စီစခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားသည်ကို တွေ့ရကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ ထုတ်ပြန်သည်။

သံတွဲမြို့၊ နံတော်တောင်တံတား(နန်းချောင်းတံတား)တံတားကို ဖောက်ခွဲဖျက်ဆီးရန် စစ်ကောင်စီက တံတားပေါ်၌ မိုင်းများထောင်ထားသည်ကို  ဇူလိုင်လ (၁၂) ရက်တွင် တွေ့ရကြောင်း ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာထွက်ပြေးသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားသည်များကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထိုကြောင့် အရပ်သားများအနေဖြင့် စစ်ကောင်စီတပ်စခန်းနှင့် ပတ်ဝန်းကျင်များသို့ သွားလာခြင်းမပြုလုပ်ကြရန်၊ မိုင်းအန္တရာယ် အသိပညာများကို သိရှိအောင် လေ့လာထားကြရန်  AA က အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က သံတွဲမြို့နယ်၊ အလယ်ရွာကျေးရွာမှ ဒေသခံတစ်ဦးမှာ ရွာအနီးရှိ ဉယျာဉ်ခြံသို့သွားစဉ် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းအား နင်းမိ၍ သေဆုံးသွားခဲ့သည်။

ယင်းအပြင် AA က သိမ်းပိုက်ဒေသများရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ တပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ တောတောင်များ၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း မိုင်းကြောင့် အရပ်သားပြည်သူများ အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရသည်။

မင်းပြားမြို့၊ အောင်သာယာရပ်ကွက်မှ ဒေသခံတစ်ဦးမှာလည်း ဇူလိုင် ၁၁ ရက်က မင်းပြားအခြေစိုက် ခမရ ၃၇၉ တပ်ရင်းတွင်းမှ ဖြတ်သန်းသွားစဉ်  စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။

မင်းပြားမြို့မှ ဒေသခံတစ်ဦးက “မိုင်းတွေကို အမြန်ဆုံး ရှင်းပေးစေချင်တယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဒေသခံတွေရှိတယ်။ အငတ်မနေနိုင်တဲ့အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်ပေမဲ့လည်း အရဲစွန့်ပြီး တောတောင်ထဲ သွားနေရတယ်” ဟု ပြောသည်။

လက်ရှိတွင် AA သည် မောင်တောမြို့နှင့် သံတွဲမြို့ကို အပြင်းအထန်ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူများဖြင့် အကြိတ်အနယ် ခုခံတိုက်ခိုက်လျက်ရှိသည်။ 

ဗီဒီယိုများ