စစ်ကောင်စီ ဖမ်းသွားသည့် အောင်တိုင်ရွာသား ၁၁ ဦး သတင်းအစန ပျောက်ဆုံးနေ 

ပြီးခဲ့သည့် ဇွန် ၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော်သည် အောင်တိုင်ကျေးရွာကို ညအချိန်ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး သတင်းအစမအနမရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

By Admin 31 Aug 2024

စစ်ကောင်စီ ဖမ်းသွားသည့် အောင်တိုင်ရွာသား ၁၁ ဦး သတင်းအစန ပျောက်ဆုံးနေ 

DMG ၊ ဩဂုတ် ၃၁ 

စစ်ကောင်စီ ဖမ်းဆီးသွားသည့် စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှ ဒေသခံ ၁၁ ယောက်မှာ သတင်းအစအန လုံးဝမရဘဲ ပျောက်ဆုံးနေသည်မှာ သုံးလခန့် ကြာမြင့်လာပြီဖြစ်ကြောင်း မိသားစုဝင်များက DMG ကို ပြောသည်။ 

ပြီးခဲ့သည့် ဇွန် ၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော်သည် အောင်တိုင်ကျေးရွာကို ညအချိန်ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး သတင်းအစမအနမရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

“ည ၉ နာရီလောက်မှာ ရွာပြောင်းရွှေ့ဖို့ကိစ္စနဲ့ စကားနည်းနည်းပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ အဒီနေ့ကတည်းကနေ ပျောက်သွားတာ ဘယ်ကိုခေါ်သွားမှန်းလည်းမသိ။ ရဲစခန်းသွားမေးရင်လည်း မရှိဘူး။ တရားရုံးထုတ်တွေမှာ သွားမေးရင် မရှိဘူးလို့ပဲပြောတယ် ” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပျောက်ဆုံးနေသူများမှာ အောင်တိုင်ကျေးရွာ ရာအိမ်မှူး ဦးအောင်သန်းဝင်း(ခ) ကိုညီညီနှင့် ယောက္ခထီးဖြစ်သူ၊ ဦးလှဝင်း၊ မောင်ထွန်းလင်း၊ ကိုငြိမ်းငြိမ်းလင်း၊ ကိုမိုးဒီ၊ မောင်ပြား၊ ကိုကျော်သန်း၊ သန်းဇော်ဦး၊ ဦးထွန်းဦးစိန်၊ ဦးမောင်သိန်းတို့ ဖြစ်သည်။ 

နောက်ထပ် မိသားစုဝင်တစ်ဦးက “မိသားစုဝင်တွေ အဓိက သိချင်တာက သူတို့ အခုဘယ်မှာလဲ ဆိုတာ။ အခုက မိသားစုဝင်တွေမှာ ဘယ်ကို သွားရှာရမလဲမသိဘူး။ မိဘတွေဆိုရင်လည်း အရူးတစ်ပိုင်းဖြစ်နေကြပြီ” ဟု ပြောသည်။ 

အဆိုပါ ဒေသခံများမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်ခြင်းမရှိဘဲ ကျေးရွာ၌ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း စသည့်အခြေခံအလုပ်များ လုပ်ကိုင်ကာ မိသားစုဝမ်းရေး‌ဖြေရှင်းနေသူများ ဖြစ်သည်ဟု ပြောကြသည်။ 

နောက်ထပ် မိသားစုဝင် အမျိုးသမီးတစ်ဦးက “သားကော၊ သမက်ပါ သွားတာ။ သူတို့လုပ်ကျွေးတာနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာ။ အခု သူတို့မရှိတော့ အားလုံးအခက်ခဲဖြစ်ကြတယ်။ မိဘတွေမှာ စိတ်ကျရောဂါဖြစ်လို့ စားမဝင် အိပ်မပျော်တဲ့အထိပါ” ဟု ပြောသည်။ 

ဇွန်လ ၈ ရက်နေ့တွင် အောင်တိုင်ကျေးရွာအနီးချောင်း၌ မျက်နှာစည်းထားပြီး လက်နောက်ပြန်ကြိုးတုတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူသေအလောင်း ၂၀ ခန့်ကို တွေ့ခဲ့ရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုရန် ခက်ခဲကြောင်း ပြောကြသည်။ 

စစ်ကောင်စီသည် အောင်တိုင်ကျေးရွာအပါအဝင် စစ်တွေမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ခန့်ကို စစ်တွေမြို့တွင်းသို့ ပြောင်းရွှေ့လိုက်ပြီးနောက် ဒေသခံများမှာ ဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်များ၌ အခက်အခဲများနှင့် နေထိုင်ကြရသည်။