ရခိုင်တွင် အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာစေရန် စွမ်းရည်မြှင့်သင်တန်းပေးနေ 

ရခိုင်ပြည်တွင်းရှိ ရခိုင်နှင့် ဌာနေတိုင်းရင်းသား လူမျိုးများတွင် အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံရေးအပါအဝင် အခြားကဏ္ဍများတွင် ဦးဆောင်ဦးရွက်ပြုလာနိုင်ရန် ရည်ရွယ်ကြောင်း AASYC တာဝန်ရှိသူက ပြောသည်။

By Admin 26 Aug 2024

ဓာတ်ပုံ - AASYC
ဓာတ်ပုံ - AASYC

DMG ၊ ဩဂုတ် ၂၆

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ဦးဆောင်ပြီး အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်သင်တန်းတစ်ခုကို ထိုင်း - မြန်မာနယ်စပ် တစ်နေရာတွင် ဖွင့်လှစ်ပို့ချနေကြောင်း သိရသည်။ 

ရခိုင်ပြည်တွင်းရှိ ရခိုင်နှင့် ဌာနေတိုင်းရင်းသား လူမျိုးများတွင် အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံရေးအပါအဝင် အခြားကဏ္ဍများတွင် ဦးဆောင်ဦးရွက်ပြုလာနိုင်ရန် ရည်ရွယ်ကြောင်း AASYC တာဝန်ရှိသူက ပြောသည်။

“အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဖြစ်ဖြစ် ကဏ္ဍအသီးသီးမှာ သူတို့တွေ အရည်အချင်းပြည့်ဝစွာ ဦးဆောင်ပြီးတော့ ပါဝင်လုပ်ဆောင်နိုင်ဖို့ သင်တန်းပေးရတာပါ” ဟု AASYC အထွေထွေအတွင်းရေးမှူး မခင်မာထွေးက ပြောသည်။

အဆိုပါသင်တန်းကို ဩဂုတ် ၂၅ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အချိန် ၃ လ ကြာမြင့်မည်ဖြစ်ကာ ယခုအပတ်စဉ်တွင် သင်တန်းသူအမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၂၀ ဦး တက်ရောက်လျက်ရှိသည်။ 

AASYC သည် ရခိုင်ပြည်တွင်း၊ ပြည်ပ ကျောင်းသားလူငယ်များ၏ အခွင့်အရေးနှင့် ချိုးဖောက်ခံရမှုများကို အကူအညီပေးနေသည့်အဖွဲ့ဖြစ်ပြီး ထိုင်းနယ်စပ်အပြင် ရခိုင်ဒေသတွင်လည်း အမျိုးသမီးစွမ်းရည်မြှင့် ရက်တိုသင်တန်းများ ပေးလျှက်ရှိကြောင်း သိရသည်။

သင်တန်းသူ မသင်းသင်းမိုးက “ဒီသင်တန်းက မျှော်လင့်ထားတာက ရခိုင်ပြည်အတွက် အမျိုးသမီးခေါင်းဆောင်မှု အပိုင်းတွေမှာ လုပ်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်။ အမျိုးသမီးတွေက နိုင်ငံရေးထဲမှာ ဦးဆောင်ပါဝင်နိုင်ဖို့ ပြီးတော့ အခြား အမျိုးသမီးတွေကိုလည်း ဆွဲခါ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် တက်ကြွလှုပ်ရှားသူ အမျိုးသမီးများအပေါ် ဖမ်းဆီးထောင်ချမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသဖြင့် အမျိုးသမီးအသံများ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။ 

သုံးနှစ်ကျော်အတွင်း အမျိုးသမီးဦးရေ ၅,၅၅၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၄,၀၁၀ ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ကာ ရခိုင်ဒေသမှ ၄၉ ဦး ပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ဇူလိုင်လစာရင်းအရ သိရသည်။