- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် မျှော်လင့်ချက် မအောင်မြင်
“ကျွန်တော်တို့ပြောချင်တာတွေ ကျွန်တော်တို့လိုချင်တဲ့အခွင့်အရေးတွေ မရလိုက်ဘူး။ ဒီဒေသခံတွေကတော့ တွေ့ဖို့အတွက်အားကိုးတကြီးနဲ့ အဆင့်သင့် စောင့်နေကြတာပေါ့လေ။ ဒါပေမဲ့ သူရဲ့အကြောင်းကြောင်းကြောင့် မတွေ့ဖြစ်ဘူးဆိုတဲ့ခါကျွန်တော်တို့မြို့အတွက် အင်မတန်နစ်နာတယ်လို့ ကျွန်တော်မြင်ပါတယ်”
23 Feb 2019
ခိုင်မင်း(ကျောက်ဖြူ)/DMG
ဖေဖော်ဝါရီလ ၂၃၊စစ်တွေ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သံတွဲဒေသခံများ တွေ့ဆုံမည်ဆိုလျှင် တွေ့ဆုံနိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စီစဉ်ခဲ့သောကြောင့် ဒေသခံတစ်ချို့ တွေ့ဆုံရန် သံတွဲမြို့ရှိ ဒါွရာဝတီမြို့ တော်ခန်းမသို့ လာရောက်ခဲ့ကြသည်။
သို့သော်လည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တွေ့ဆုံလျှင် တွေ့ဆုံနိုင်အောင် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဒေသခံများ လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့ပေ။ ယင်းကြောင့် တွေ့ဆုံရန် စောင့်ဆိုင်းခဲ့ကြသူများကြား ဝေဖန်မှုမြင့်တက်သွားခဲ့ခြင်းဖြစ်သည်။
“လူကြီးတွေလာတိုင်းလာတိုင်း ကျွန်မတို့မြို့တော်ခန်းမကိုလာတယ်။ မြို့တော်ခန်းမမှာ ပြည်သူနဲ့တွေ့ဆုံပွဲလုပ်တယ်။ ဒေသကလူတွေရဲ့တင်ပြတဲ့အကြောင်းအရာလေးတွေကို နားထောင်ပေးတယ်။ ဒါဟာဒီမြို့ရဲ့ထုံးစံပဲ။ အဲဒီတော့ နိုင်ငံတော်အတိုင်ပင်ခံတစ်ယောက်နဲ့ ပြည်ထောင်စုအဆင့် လူကြီးတွေလာကြတယ်။ မြို့တော်ခန်းမလိုနေရာမျိုးကိုလာပြီးတော့ အဲဒီလို တွေ့ဆုံလိမ့်မယ်လို့ အားလုံးသူမျှော်လင့်ထားတယ်။ အဲဒီလိုမျှော်လင့်ထားတဲ့ အချိန်မှာ လာလည်းမလာဘူး။ တွေ့လည်းမတွေ့ဆုံဘူးဆိုတော့ ဒီဒေသကလူတွေကို အရေးမပါသလို ထားခဲ့တယ်လို့ ခံစားရတယ်” ဟု ဒါွရာမြေဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ ဒေါ်မိမိခိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဒေသ၏ လိုအပ်ချက်များကို တင်ပြနိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်သော်လည်း တွေ့ဆုံပွဲ ပျက်သွားသဖြင့် ဆုံးရှုံးနစ်နာမှုများရှိသည်ဟု တွေ့ဆုံရန် လာရောက်သူ ဒေသခံ ဦးခင်မောင်က ပြောသည်။
“ကျွန်တော်တို့ပြောချင်တာတွေ ကျွန်တော်တို့လိုချင်တဲ့အခွင့်အရေးတွေ မရလိုက်ဘူး။ ဒီဒေသခံတွေကတော့ တွေ့ဖို့အတွက်အားကိုးတကြီးနဲ့ အဆင့်သင့် စောင့်နေကြတာပေါ့လေ။ ဒါပေမဲ့ သူရဲ့အကြောင်းကြောင်းကြောင့် မတွေ့ဖြစ်ဘူးဆိုတဲ့ခါကျွန်တော်တို့မြို့အတွက် အင်မတန်နစ်နာတယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။
သံတွဲလူမှုအဖွဲ့အစည်းတချို့၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲ လုပ်ရန်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ဖိတ်ကြားမှုများ ရှိခဲ့သည်ဟုပြောကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သံတွဲသို့ မဲဆွယ်စည်းရုံးရန် လာရောက်စဉ်က ဒေသခံများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် တွေ့ဆုံခြင်းမရှိသဖြင့် ဒေသခံများကြား ဝေဖန်မှုမြင့်တက်နေခြင်းဖြစ်သည်။