- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲပြီး ကလေး ၆ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ(မွတ်ဆလင်)ကျေးရွာအနီးတွင် ဧပြီလ ၈ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
09 Apr 2021
DMG ၊ ဧပြီ ၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ(မွတ်ဆလင်)ကျေးရွာအနီးတွင် ဧပြီလ ၈ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ကျေးရွာနှင့် ၂ မိုင်ခန့်ကွာဝေးသည့် စိုက်ခင်းတွင် ကလေးများဆော့ကစားနေကြစဉ် မိုင်းနင်းမိပြီး မိန်းကလေး ၄ ဦးနှင့် ယောကျ်ားလေး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းသည်ဟု ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်က ဆိုသည်။
“ကလေးတွေက စိုက်ခင်းကိုနွားတွေမဝင်ရောက်နိုင်အောင် စောင့်ရင်း ဆော့ကစားနေကြစဉ်မှာ မိုင်းနင်းမိပြီး ပေါက်ကွဲတာလို့သိရတယ်။ ၆ ဦးဒဏ်ရာရတယ်၊ ဒဏ်ရာကတော့ သိပ်မပြင်းကြပါဘူး” ဟု ၎င်းကပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် ၆ ဦးမှာ မအဖီယာ ၁၆ နှစ်၊ မဖေရက်ဒုန် ၁၄ နှစ်၊ မအာဆမီဒါ ၁၃ နှစ်၊ မဆိုဖီယာဘီဘီ ၁၀ နှစ်၊ မောင်အန်ဒါမူဟာဆောင်း ၁၂ နှစ်နှင့် မောင်ယာဟာနူရ် ရ နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့အားလုံးမှာ လက်ရှိ ဘူးသီးတောင်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ယင်းအထဲမှာ ဝဲဘက်ခြေသလုံးနှင့် ယာဆီးခုံတွင် မိုင်းစထိမှန်ခဲ့သည့် မအာဖီယာနှင့် ဝဲဘက်ခြေသလုံး၊ ခြေဖဝါး၊ ပေါင်ရင်းတို့၌ မိုင်းစထိမှန်ခဲ့သည့် မဖေရက်ဒုန်တို့ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
တောင်ရွာ(မွတ်ဆလင်)ကျေးရွာမှ ရွာလူကြီး နူရ်လ်ဆလင်က “အခုလို ကျေးရတွေမှာ မိုင်းပေါက်ပြီး ထိခိုက်ဒဏ်ရာရသူတွေများလာတော့ လူတွေက အထူးစိုးရိမ်လာကြတယ်။ ယာလုပ်၊ လယ်လုပ်၊ နွားကျောင်းဖို့တောင် မသွားရဲကြတောဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်ကလည်း ဘူးသီးတောင်မြို့နှင့် ၃ မိုင်ကျော်ခန့်ကွာဝေးသည့် ပြင်ရှည်ကျေးရွာတွင် ကလေးငယ် ၃ ဦးဆော့ကစားနေကြစဉ် ကောက်ရသည့်ဗုံးသီးဟောင်းတစ်လုံးကိုထုကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားကာ ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။
ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအနီးတွင် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်က ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအနီး မိုင်းရှင်းလင်းရေး ဆောင်ရွက်စဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးတွေ့ရှိ၍ မိုင်းရှင်းလင်းရေးအဖွဲ့မှ ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံအတွင်း မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ(UXO)ကြောင့် သေဆုံး ဒဏ်ရာရရှိသူများ၏ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ပြီး ယင်းသို့ ထိခိုက်ဒဏ်ရာရသေဆုံးသည့် ကလေးငယ်များ၏ ၄၇ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်မှဖြစ်ကြောင်း ယူနီဆက်မြန်မာမှ ဧပြီလ ၆ ရက်က ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကျန်လက်နက်များနှင့် မြေမြှပ်မိုင်းပေါက်ကွဲမှု တို့ကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။