- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်တွင် တစ်ရက်အတွင်း ကျေးရွာနှစ်ရွာ ဗုံးကြဲခံရ၍ အရပ်သား ၁၀ ခန့် သေဆုံးဒဏ်ရာရ
တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲသွား၍ အရပ်သား ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
31 Oct 2024
DMG ၊ အောက်တိုဘာ ၃၁
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၃၀ ရက် တစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲသွား၍ အရပ်သား ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဗုံးကြဲမှုအတွင်း မောင်းကျေးရွာမှ မစုမြတ်ဝင်း (၁၄) နှစ်၊ မဝတ်ရည်ဝင်း (၁၄)နှစ်၊ ဒေါ်မကျန်တင် (၄၈)နှစ်နှင့် ဒေါ်ကျန်တင် (၄၉)နှစ်၊ ကိုနိုင်လင်းစိုး (၃၁)နှစ်တို့ သေဆုံးသွားခဲ့ပြီး မစုမာဖြိုး (၁၇)နှစ်၊ ဒေါ်တင်အေး (၆၅)နှစ်၊ ဒေါ်ခင်ခင်စန်း(၄၇)နှစ်၊ ဦးမောင်ဖြူချေ(၃၆) နှစ်နှင့် ဦးသောင်းအေး (၅၆)တို့ ဒဏ်ရာရရှိခဲ့သည်။
"မနေ့က နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာ။ မောင်းကျေးရွာကို ဗုံးနှစ်လုံးကြဲချသွားတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ လေးယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ တစ်ယောက်ကတော့ ဆေးကုသဖို့ သွားတဲ့လမ်းမှာ ဆုံးသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
မီးချောင်းထိုးကျေးရွာတွင် ယမန်နေ့၊ ညဉ့်အချိန်မှာ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲသွားခြင်းဖြစ်ပြီး ထိခိုက်မှု အချို့ရှိပြီး အတိအကျကို မသိရသေးပေ။
ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် မောင်းကျေးရွာသားများမှာ လက်ရှိ ဆေးဝါးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။
တောင်ကုတ်ဒေသခံတစ်ဦးက "တောင်ကုတ်မှာက တိုက်ပွဲမဖြစ်တဲ့ နေရာဆိုရင်လည်း စကစ(စစ်ကောင်စီ) က ဗုံးလာကြဲတာပဲ။ လူမဆန်တာတွေပဲ ပြည်သူကို အကြောက်တရားသွင်းနေတာ" ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့သဖြင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
DMG က ကောက်ယူထားသော စာရင်းအရ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၄၈ ဦးအထိရှိသည်။