- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)
ရခိုင်ပြည်နှင့် ပလက်ဝြ မို့နယ်တို့တွင် လက်နက်ကြီး၊လက်နက်ငယ် ထိမှန်မှု၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတို့ကြောင့် အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦးအထိ ရှိခဲ့သည်။
09 Nov 2022
နိုဝင်ဘာ ၁
- ရခိုင်ပြည်နှင့် ပလက်ဝြ မို့နယ်တို့တွင် လက်နက်ကြီး၊လက်နက်ငယ် ထိမှန်မှု၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတို့ကြောင့် အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦးအထိ ရှိခဲ့သည်။
- မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင်သဘောတူစာချုပ်(MOU) စနစ်ဖြင့် သွားရောက်လုပ်ကိုင်သူများမှာ စာချုပ်ပါအတိုင်း အလုပ်များမရရှိသည့်အပြင် ပြည်တွင်းအေဂျင်စီအချို့မှာ တာဝန်ယူဖြေရှင်းမှု မရှိခြင်းတို့ကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
- ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ပင်ခံရသည့် သြဂုတ်လ ၁၃ ရက် နောက်ပိုင်းမှစတင်ကာ လက်ရှိ အချိန်အထိ နှစ်လကျော်ကာလအတွင်းတွင် မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု မောင်တော နယ်စပ်ကုန်သွယ်ရေး အသင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
- ဘူးသီးတောင်မြို့နယ်တွင် စစ်တပ်ဗျူဟာနယ်မြေထဲသို့ ဝင်ရောက်နေသည်ဟုဆိုကာ နေအိမ်များကို ဖယ်ပေးလိုက်ရသည့် ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ လူဦးရေ ၁၀၀ ကျော်မှာ လတ်တလောတွင် နေထိုင်စရာ အခက်အခဲများဖြစ်ပေါ်နေပြီး အကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူနှင့် ကာယကံရှင်များက ပြောဆိုခဲ့သည်။
- ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ်(၂၄) စစ်ဆေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က မင်းပြားမြို့နယ်၊ ပြိုင်းတောကျေးရွာမှ ၂၅ နှစ်အရွယ် မအေးမြစန္ဒာနှင့် မောင်တောမြို့နယ်၊ အောင်သဖွယ်ကျေးရွာမှ ကယ်ရီသမား မောင်မောင်ကျော်တို့အား မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။
နိုဝင်ဘာ ၂
- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွားခဲ့သည်။
- ရခိုင်ပြည် မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင် မြန်မာစစ်တပ်အခြေစိုက်ထားသည့် ဗျူဟာကုန်း၊ တပ်ရင်း စသည့်နေရာများမှ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေမှုများကြောင့် ဒေသခံလယ်သမားများမှာ အပြင်သို့ထွက်၍ စပါးရိတ်သိမ်းရန် အခက်အခဲများရှိနေပြီး စပါးပင်များမှာလည်း အမှည့်လွန်ကာ ပျက်စီးမှုအချို့ရှိလာနေကြောင်း လယ်သမားများထံမှ သိရသည်။
- မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၄ ဦးနှင့် အာဏာမသိမ်းမီအချိန်က သတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၅ ဦး၊ စုစုပေါင်း ၉ ဦးအထိရှိလာပြီး ပြစ်မှုကျုးလွန်သူများမှာ ပြစ်ဒဏ်မှ ကင်းလွတ်နေသည်ဟု လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ(FEM)မှ ထုတ်ပြန်ခဲ့သည်။
- ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်) ပထမနှစ် နေ့သင်တန်း တက် ရောက်နေသော ကျောင်းသား၊ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရယူနိုင်ကြောင်း ကြေညာထားသော်လည်း စစ်တွေတက္ကသိုလ်မှ မွတ်ဆလင်ကျောင်းသားများမှာ နိုင်ငံသားမဟုတ်၍ ပညာသင်ထောက်ပံ့ကြေး လျှောက်ခွင့်မရကြပေ။
- ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးကို အမည်မသိ လူတစ်စုက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၃
- ရခိုင်နှင့် ပလက်ဝဒေသတို့တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲမကြာ ခဏဖြစ်ပွားနေချိန်၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်အရာရှိများအကြား တွေ့ဆုံဆွေးနွေးမှုများရှိနေသော်လည်း ယင်းတွေ့ဆုံမှုများမှာ နိုင်ငံအကြား ထူးထူးခြားခြား ပူးပေါင်းဆောင်ရွက်မှုရှိလာရန် မျော်လင့်ချက်မရှိကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
- လက်ရှိ ရခိုင်ပြည်နယ်အနှံ့မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာစစ်တပ်၏ လုပ်ရှားမှုအပေါ်မှာမှုတည်ကာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း AA ပြောရေဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
- စစ်ကောင်စီက ပြဌာန်းလိုက်သည့် “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ”မှာ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရပ်တည်ချက်များကို ကန့်သတ်ထိန်းချုပ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အသင်းအဖွဲ့များနှင့် နိုင်ငံရေးသမားများက ရှုမြင်ကြသည်။
- မြန်မာစစ်တပ်က ဖမ်းဆီးပြီး သုံးလကျော်ကြာ ချုပ်နှောင်ထားသည့် ကျောက်တော်မြို့နယ်၊ ကဝိရတနာကျောင်း စစ်ဘေးရှောင်စခန်းမှ ဆေးဆရာ ဦးကျော်ဟိန်း(၄၀ နှစ်)နှင့် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ (၅၃ နှစ်)တို့ကို သြဂုတ်လ ၁ ရက်နှင့် ဇူလိုင်လ ၁၉ ရက်နေ့တို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင်မှ ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
နိုဝင်ဘာ ၄
- ကျောက်တော်မြို့နယ်၊ရွှေပြည်သစ်ကျေးရွာနှင့် လက်ဆောင်ကောက်(မွတ်ဆလင်)ရွာထဲတွင် နိုဝင်ဘာလ ၄ရက်နေ့ ၊နံနက် ၁၀ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ရွှေပြည်သစ်ရွာမှ ဦးမောင်တူချေ အသက် (၈၆) နှစ်၊ကိုနိုင်နိုင်ဦး (၃၁)နှစ်၊မမိုးမိုးနိုင် (၂၈)နှစ်၊ မလေးခိုင်၊ အသက် (၃၂)နှစ်နှင့် လက်ဆောင်ကောက်ရွာမှ အသက် ၃၀ ကျော်အရွယ် မွတ်ဆလင်တစ်ဦးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြသည်။
- ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးတို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့သည့် ရခိုင်နှင့် မွတ်ဆလင်များ အပါအဝင် ဒေသခံ ၂၁ ဦးထဲမှ ၇ ဦးသာ ပြန်လွတ်သေးပြီး ကျန်ဖမ်းဆီးခံထားရသူများမှာ ၁၃ ရက်ကြာသည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။
- ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ မအီမြို့ နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော စခန်းမှူးအား နိုဝင်ဘာလ ၄ ရက်နေ့၊နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားခဲ့သည်။
- ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊အငူမော်ကျေးရွာမှ စက်လှေပိုင်ရှင် ဦးမောင်သန်းဝင်းနှင့် ဦးသိန်းထွန်း တို့နှစ်ဦးအား ရက္ခိုင့်တပ်တော်(AA)ကို အခွန်ဆောင်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခဲ့သည်။
- လက်နက်ကြီးကျည်ထိမှန်၍ ဆေးကုသမှုခံယူနေသော ကျောက်တော်မြို့နယ်၊ရွှေပြည်သစ်ကျေးရွာမှ အသက် ၈၆ နှစ်အရွယ် ဦးမောင်တူချေမှာ နိုဝင်ဘာလ ၄ ရက်နေ့၊နေ့လယ် ၂ နာရီခန့်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။
- အသက် ၅၀ နှစ်အရွယ် ရခိုင်ဝါရင့်အဆိုတော် ခိုင်ပြည်ကျော်သည် နိုဝင်ဘာလ ၄ ရက်နေ့၊ ညနေ ၉ နာရီခန့်က မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့သည်။
- ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက်(၄၆)နှစ်အရွယ် ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်ကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် သက်တော်(၄၀)ကျော်အရွယ် ဦးပညာသီရိကို နိုဝင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- သံတွဲခရိုင်စာတိုက်မှူး ဦးသားကြီးမောင်အား မြန်မာစစ်တပ်က စာတိုက်ဝင်းအတွင်း ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- မြန်မာစစ်တပ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နိုဝင်ဘာလ ၄ ရက်နေ့ ၁ ရက်အတွင်း ကျောက်တော်မြို့နယ်တွင် ၄ တန်းကျောင်းသား ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာ ၅
- ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သရက္ကင်းမနူး (မွတ်ဆလင်) ကျေးရွာသို့ နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က လက်နက်ကြီး(၃)လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၃၀) ကျော်အရွယ် မွတ်ဆလင် ကျောင်းဆရာ ဦးအဘူနော်ဆဲရ် သေဆုံးခဲ့ရပြီး အသက် ၅ နှစ်အရွယ် မာမတ်အာနူတွင် ဘက်ဖက်ခြေသလုံးနှင့် အသက် ၃၂ ကျော်အရွယ် လိုင်နာမှာ ညာဖက်လက်မောင်းတွင် ဒဏ်ရာများ ရရှိခဲ့သည်။
- မြန်မာစစ်တပ်က သုံးလကျော်ကြာဖမ်းဆီးစစ်ဆေးပြီး ရဲစခန်းသို့လွှဲပြောင်းခံလိုက်ရသည့် ကျောက်တော် မြို့နယ်၊ ကဝိရတနာကျောင်း စစ်ဘေးရှောင်စခန်းမှ ဆေးဆရာ ဦးကျော်ဟိန်း(၄၀ နှစ်)နှင့် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ (၅၃ နှစ်) တို့ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့သည်။
- ရခိုင်ပြည်တွင် အသေးစား၊အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်စစ်ကောင်စီအနေဖြင့် အပြောသတ်သတ်မဟုတ်ဘဲ အမှန်တကယ် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရခိုင် စီးပွားရေးလုပ်ငန်းရှင်များက ပြောကြသည်။
- သံတွဲမြို့၊ ရွှေရိုးမဆီဆိုင်မှ မန်နေဂျာဖြစ်သူ ကိုဘိုသန်းကျော်(၄၂ နှစ်)ကို နိုဝင်ဘာ ၅ ရက်နေ့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။
နိုဝင်ဘာ ၆
- ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးမှာ နိုဝင်ဘာလ ၆ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်တွင် စစ်တွေမြို့ ကမ်းနားလမ်း၌ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံ၌ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရသည်။
- ရခိုင်ပြည်တွင်းရှိ အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုအရေအတွက်မှာ တဖြည်းဖြည်းမြင့်တက်လာနေပြီး သေဆုံးသွားသော မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် လူနာများမှာ အကူအညီရရှိမှု မရှိသလောက် နည်းပါးနေကြောင်း သိရသည်။
- စစ်တွေမြို့ Arakan Blood Donor – ABD (သွေးအလှူရှင်အသင်း)မှ အသင်းဝင် အသက် ၃၀ ကျော်အရွယ် ကိုသန်းလွင်အား နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီခန့်က စစ်တွေဆေးရုံမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
- စစ်တွေမြို့၊ သုခကာရီကျောင်းတိုက်အတွင်းသို့ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများက ကားဖြင့်ဝင်ရောက်ကာ ဆရာတော် နှင့်အတူ ဦးဇင်းကြီး နှင့် မောင်ရှင်ကြီးနှစ်ပါးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ တောင်ဘက် ( ၇) မိုင်ကျော်ခန့် အကွာတွင် တည်ရှိသည့် မင်းတက်တောင်ကျေးရွာမှ ဦးသိန်းတန်(၄၇) နှစ်နှင့် ဦးတင်အောင်(၅၀)နှစ်တို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။
နိုဝင်ဘာ ၇
- မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ပေါင်း ၈၀ ခန့် လာရောက်ကျက်စားလေ့ရှိသည့် ရခိုင်ပြည်မှ နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဝန်ထမ်းအင်အား နည်းပါးလျက်ရှိကြောင်း သိရသည်။
- ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာမှ စစ်တွေမြို့ပေါ်ရှိ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အသက် (၃၂) နှစ်အရွယ် ကိုဦးဌေးနိုင်အား မြန်မာစစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။
- ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၄၄ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် လူမှုကွန်ယက်တွင် ဆုတောင်းစကားပြောကြားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
- မြို့သူမြို့သားများပြန်လည်တွေ့ဆုံစေရန် ရည်ရွယ်ချက်နှင့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် မြို့လုံးကျွတ် မီးကြာခွက်လှည့်လည်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၇ ရက်နေ့)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။