- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
PDF ကို ငွေကြေးထောက်ပံ့မှုဖြင့် သံတွဲမှ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံထားရ
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကို PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဆိုသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။
31 Jan 2022
DMG ၊ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကို PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဆိုသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။
သံတွဲမြို့မှ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုသန်းထွဋ်ဦး (၃၇)နှစ်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်မြို့တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုထံမှသိရသည်။
ကိုသန်းထွဋ်ဦးအား မည်သည့်အကြောင်းကြောင့်ဖမ်းဆီးထားသည်ကို မသိရသေးကြောင်းနှင့် ၎င်းကိုသံတွဲရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဖခင်ဖြစ်သူ ဦးမောင်မောင်မြင့်ကပြောသည်။
"သူက ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်တယ်။ ပြည်မှာ ၂၃ ရက်နေ့ကဖမ်းတာ။ သံတွဲကို ၂၄ ရက်နေ့မှာ ပြောင်းလွှဲပေးလိုက်တယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့မသိဘူး။ သူနဲ့တော့ တစ်ကြိမ်နှစ်ကြိမ်လောက်တွေ့ခွင့်ရခဲ့တယ်။ အခုတော့ မတွေ့ရတော့ဘူး။ ထမင်းလဲပို့မရတော့ဘူး။ ဘယ်မှာထားတယ်ဆိုတာမသိဘူး"ဟု ၎င်းကဆိုသည်။
ကိုသန်းထွဋ်ဦးကို KBZ အကောင့်မှတစ်ဆင့် PDF အဖွဲ့ထံ ငွေကြေးထောက်ပံ့မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးကပြောဆိုသည်။
လက်ရှိမှာ သံတွဲမြို့နယ်စခန်းမှူး ဝင်းနိုင်စိုးမှ တရားလိုပြုလုပ်ကာ ကိုသန်းထွဋ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် သံတွဲမြိုနယ်ရဲစခန်း၌အမှုဖွင့်လှစ်ပြီး ချုပ်ရမန်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
"သူ့ကိုပြည်မှာဖမ်းမိတာပါ။ သူက PDF အဖွဲ့တွေကို KBZ ဘဏ်ကနေ ငွေကြေးထောက်ပံ့နေတယ်ဆိုပြီးတော့ သံတွဲမြို့နယ်စခန်းမှူးကတရားလိုပြုလုပ်ပြီး ၅၀(ည)နဲ့ အမှုဖွင့်ထားပါတယ်"ဟု ၎င်းတာဝန်ကျရဲအရာရှိကပြောသည်။
ကိုသန်းထွဋ်ဦးမှာ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်ပြီး သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများကိုလည်း ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးဖြစ်ကြောင်း မိသားစုထံမှသိရသည်။
၎င်းတွင် ၃ နှစ်အရွယ်သားတစ်ဦးရှိပြီး အမျိုးသမီးမှာလည်း ကိုယ်ဝန်လွယ်ထားရကြောင်း မိသားစုကပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)များ မရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး စသည့်မြို့နယ်များမှ ဒေသခံ ၉ ဦးထက်မနည်း ဖမ်းဆီးအမှုဖွင့်ခံထားရသည်။