နွေရာသီရေရှားမှုနှင့်ကြုံရနိုင်သည့် ရခိုင်ကမြို့နယ် ၁၁ ခုကို ကျေးလက်ဦးစီးဌာနမှ ရေပေးနိုင်ရန်စီစဉ်နေဟုဆို

ရခိုင်ပြည်နယ်အတွင်း နှစ်စဉ်နွေရာသီတွင်ရေရှားပါးလေ့ရှိသည့် ရခိုင်က မြို့နယ်(၁၁)ခုတွင် ယခုနှစ်ရေရှားချိန် အချိန်မီရေပေးဝေနိုင်ရန်အတွက်စီစဉ်နေကြောင်း ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

11 Mar 2022

DMG ၊ မတ် ၁၁

ရခိုင်ပြည်နယ်အတွင်း နှစ်စဉ်နွေရာသီတွင်ရေရှားပါးလေ့ရှိသည့် ရခိုင်က မြို့နယ်(၁၁)ခုတွင် ယခုနှစ်ရေရှားချိန် အချိန်မီရေပေးဝေနိုင်ရန်အတွက်စီစဉ်နေကြောင်း ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါမြို့နယ်များမှာ စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ဖြစ်ကြသည်။

ယင်းအထဲမှ အဓိကရေရှားပါးဆုံးဖြစ်သည့် ကျေးရွာပေါင်း (၂၇)ရွာအား ယခုမတ်လအကုန်မှစတင်ပြီး ရေလုံလောက်စွာပေးဝေနိုင်ရန် ဆောင်ရွက်နေသည်ဟု ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဦးသော်ဇံဖြိုးဇင်က ပြောသည်။

“ရေဂါလံ ဘယ်လောက်ဝေပေးမယ်ဆိုတာ မသိရသေးဘူး။ (၂၇)ရွာမှာ တကယ်လိုအပ်နေတာ ရွာ(၂၀)လောက်ပဲလည်းဖြစ်နိုင်တယ်။ အတိအကျပြောလို့မရသေးဘူး။ အမှန်တကယ် ရေရှားတဲ့အချိန်မှာ ပြန်တက်လာတဲ့စာရင်းအပေါ်မှာမူတည်ပြီး သွားမှာဖြစ်တယ်။ မတ်လအကုန်လောက်ဆို စလှူတော့မယ်။ မတ်၊ ဧပြီ၊ မေသုံးလမှာဝေပေးမယ်”ဟု ၎င်းက DMG သို့ပြောသည်။

ထိုသို့ရေပေးဝေနိုင်ရေးအတွက် ယခုနှစ်တွင်သုံးစွဲမည့် ဘက်ဂျက်ငွေကို အတိအကျမသိရှိရသေးသော်လည်း ခန့်မှန်းခြေကျေးရွာ(၂၇) ရွာ၊ လူဦးရေ (၂၁၅၉၂)ဦးအား ရေပေးဝေနိုင်ရေး အတွက် စီစဉ်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ယခင်နှစ်က ရေခမ်းခြောက်၍ အမှန်တကယ်ရေလိုအပ်နေသောနေရာများသို ကျေးလက်ဦးစီးဌာနမှ ဒေသအလိုက် ကားများ၊ စက်လှေများဖြင့် လူတစ်ဦးလျှင် ပျမ်းမျှသုံးဂါလံမှ ငါးဂါလံအထိ ပေးဝေခဲ့ကြောင်းလည်း သိရသည်။

“နယ်ဝေးတဲ့နေရာတွေဆို သွားရေးလာရေးခက်ခဲတယ်။ ဒါပေမယ့် ရအောင်တော့သွားဝေပေးပါတယ်။ ကားတွေ၊ ရေပုံးတွေနဲ့ သွားလှူပေးတယ်။ လူတစ်ဦးကိုပျမ်းမျှရေ ၁၀ ဂါလံသုံးရင် တစ်ဦးကို ၃ ဂါလံ၊ ၅ ဂါလံ လောက်ဝေပေးတယ်”ဟု ဦးသော်ဇံဖြိုးဇင်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်လေးခုမှ ကျေးရွာငါးရွာ၊ လူဦးရေ ၈၆၈၁ ဦးအား ရေဂါလံ ၁၃ ဒသမ ၉ သန်းကျော်လှူတန်းခဲ့ကြောင်း ကျေးလက်ဦးဌာန၏စာရင်းအရသိရသည်။