တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ)

- မောင်တောမြို့နယ်မြောက်ပိုင်း တရိမ်းကျေးရွာနှင့် မြဝတီကျေးရွာအနီးရှိ တောင်ပြိုကားလမ်းအနီးတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

23 Jul 2022

ဇူလိုင် ၁၆

 - မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွားအများအပြား ခွာနာလျှာနာရောဂါဖြစ်ပွားနေကြသည်။

- မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းများ ယခင်ထက် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အိမ်ထောင်ရှင်အလှမယ်ရွေးချယ်ပွဲ ( Mrs. ETHNIC TOURISM 2022 ) ကို ယခုနှစ် အောက်တိုဘာလတွင် စစ်တွေမြို့၌ ပထမဆုံး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

- မြန်မာစစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ကျောက်ဖြူမြို့၊မူရွင်းကျေးရွာမှ အသက်(၂၈)နှစ်အရွယ် ကိုစိုင်းဝဏ္ဏကျော်နှင့် အသက်(၂၀)အရွယ် မောင်ထွန်းထွန်းဇော်တို့ကို ရုံးထုတ် စစ်ဆေးခဲ့သည်။

- မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းယူမှုကြောင့် ဘဏ္ဏာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်ချက်မှုများရပ်တန့်သွားနိုင်ပြီး နောက်ပြန်လှည့်သည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ သတိပေးလိုက်သည်။

- မာန်အောင်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(KBZ)မှ အကြီးတန်းလက်ထောက်စာရေးအမျိုးသမီးနှစ်ဦးကို ငွေအလွဲသုံးစားပြုလုပ်မှုဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က မာန်အောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
ဇူလိုင် ၁၇

- တစ်နိုင်ငံလုံးတွင် စက်သုံးဆီးဈေးနှုန်း အနည်းငယ်လျော့ကျလာ သော်လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စက်သုံးဆီဈေးနှုန်းများမှာ လျော့ကျခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

- မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအကြမ်းဖက်ခံမှုမှာ နှစ်စဉ်နှစ်တိုင်းတိုးလာနေပြီး ထိုသို့အကြမ်းဖက်ခံရသည့် အမျိုးသမီးများက တရားမျှတမှုရရှိရေးအတွက် တောင်းဆိုမှုအပိုင်းမှာ နည်းပါလာနေကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

- ရခိုင်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း ၃ ဆအထိ မြင့်တက်လာနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

- ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် NGO၊ INGO အဖွဲ့အစည်းများကို ရခိုင်မြောက်ပိုင်း မောင်တောဒေသနှင့် အခြားနေရာများသို့ ခရီးသွာခွင့်ကို လုံခြုံရေးအခြေအနေကြောင့် ကန့်သတ်ထားသည်ဟု ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ဇူလိုင် ၁၈

- မောင်တောမြို့နယ်မြောက်ပိုင်း တရိမ်းကျေးရွာနှင့် မြဝတီကျေးရွာအနီးရှိ တောင်ပြိုကားလမ်းအနီးတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

- မြန်မာစစ်တပ်က ပြီးခဲ့သည့်ဇွန်လက ဖမ်းဆီးခဲ့သော စစ်တွေဒေသခံ ၉ ဦးကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်ခဲ့သည်။

- ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်လာနေမှုကြောင့် ကျေးရွာလေးရွာခန့်မှ ဒေသခံများမှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

- သံတွဲမြို့၊ သရော်တောကျေးရွာရှိ ရတနာ့ဂုဏ်ရည်သရော်တော ကျောင်းတိုက်တွင် ဘုန်းကြီးနှစ်ပါး ကျောင်းထိုင်နေသည်ဟု အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်။

- ပြီးခဲ့သည့်ဇွန်လအတွင်းက ရခိုင်ပြည်ရှိ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်တင်သွင်းမှုနှုန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉၀ သန်းဖိုး ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ဇူလိုင် ၁၉

- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၁၄ ဦး ဖမ်းဆီးရမိကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောခဲ့သည်။

- အမ်းမြို့နယ် ခမောင်းတောကျေးရွာရှိ ပရဟိတပညာဒါနကျောင်းတွင် ကျောင်းသား/သူများ စားဝတ်နေရေးစရိတ်နှင့် ဆရာ/မများကို လစာပေးရန် ငွေကြေးမလုံမလောက်ဖြစ်နေသဖြင့် အလှူငွေများလိုအပ်လျှက် ရှိနေသည်။

- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နန်းရာကုန်း ကူတို့ဆိပ်ကျေးရွာအနီးတွင် တည်ဆောက်ထားသည့် စက်မှုလက်မှုသိပ္ပံကျောင်းကို ဒေသဖွံ့ဖြိုးရေးအတွက် အမြန်ဆုံးဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

- ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးမိုးသီးခိုင်(အသက် ၅၀ နှစ်)နှင့် ဦးမောင်ဆန်း(၄၀ နှစ်)တို့နှစ်ဦးကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။

- ရသေ့တောင်မြို့၊ ပြားချောင်းကြီးကျေးရွာအနီး ဝန်းကျင်သို့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်က မြန်မာစစ်တပ်အင်အား(၁၀၀)ခန့်က လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာခြင်းကြောင့် ဒေသခံများထွက်ပြေးခဲ့ကြရပြီး မြို့ပေါ်တွင်လည်း ဈေးဆိုင်တချို့ကိုပိတ်ထားခဲ့ကြရသည်။

- မြန်မာစစ်တပ်၏ စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံရမှုကြောင့် မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေ ရပ်ကွက်မှ အသက် ၂၂ နှစ်အရွယ် သုံးဘီးဆိုင်ကယ်မောင်းသူ ကိုကျော်ဝင်ဝင်းလှိုင်မှာ ဒဏ်ရာများစွာရရှိခဲ့ကာ ရန်ကုန်သို့သွားရောက်ပြီး ဆေးကုသမှု ခံယူနေရသည်။

- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာအုပ်စု၊ သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးဘသိန်းကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

ဇူလိုင် ၂၀

- ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်(ခ)ကိုကိုအောင်၊ ကိုထွန်းချေနှင့် ကိုထွန်းကြိုင်(ခ)အတာတို့အား အင်အား ၂၀ ခန့်ရှိသည့် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့က ၎င်းတို့ကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

- နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်ကို ဇူလိုင်လ ၂၀ ရက်နေ့က ချင်းပြည်နယ်၊ မတူပီခရိုင်တရားရုံးမှ ထောင်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးခဲ့သည်။

- ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး(၂၅ နှစ်)နှင့် ဦးမောင်စောအေး (ခေါ်) မျိုးမင်းထွန်း (၃၂ နှစ်)တို့ နှစ်ဦးကို ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။

- ရခိုင်ပြနယ်ည်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းဝင်းတွင် မြန်မာစစ်တပ်က လာရောက်တပ်စွဲမှုကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် စစ်ဘေးရှောင်များ တိမ်းရှောင်ခဲ့ကြရသည်။

- ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ WDKIF;&IF;AQ;Q&M ဦးကျော်ဟိန်း(၃၉)နှစ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၁၀ နာရီကျော်မှစပြီး ပျောက်ဆုံးသွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

ဇူလိုင် ၂၁

- ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာ (၈)ဦးနှင့် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ တစ်ဦးတို့ကို ၅၀(က)၊ ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားဆိုခဲ့ပြီး ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

- ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်ကဒေသခံများ အဓိကကူးလူးဆက်သွယ်နေရသည့် လက်ဝဲစာတိုက်တံတားဂိတ်ကို မြန်မာစစ်တပ်ကပိတ်ထားသဖြင့် ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတို့တွင် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

- မြန်မာပြည်တွင်း၌ အမေရိကန်ဒေါ်လာငွေဈေးနှုန်း မတည်ငြိမ်မှုအကျိုးဆက်အဖြစ် ထိုင်းဘတ်ငွေ လဲလှယ်မှုနှုန်းများမှာ ယခုရက်ပိုင်းအတွင်း၌ အဆမတန်မြင့်တက်လာနေကြောင်း ထိုင်း-မြန်မာ ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

- ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များမှာ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ထိခိုက်သွားသူများနှင့် ကူညီနေသည့်  အဖွဲ့အစည်းများထံမှ သိရသည်။

- မြန်မာစစ်တပ်က ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှု၊ စစ်ဆေးမှုများကို ပြုလုပ်နေသောကြောင့် ခရီးသွားလာရာတွင် ဂရုတစိုက်သွားလာကြရန် ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၁ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၂

- ရေလမ်းခရီးကိုအသုံးပြုကာ ကူးတို့လှေဖြင့်ကျောင်းတက်နေရသည့် ရခိုင်ပြည်အတွင်းက ကျောင်းသား၊ကျောင်းသူများမှာ ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရေးအတွက် အသက်ကယ်အင်္ကျီများလိုအပ်နေသော်လည်း လက်ရှိအချိန်ထိ မရရှိသေးကြောင်း သိရသည်။

- ရခိုင်မှ တရုတ်နိုင်ငံသို့တင်ပို့နေသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်လုပ်ငန်းရှင် ၁၀ ဦး၏ ပို့ကုန်များ၌ White Spot Syndrome Virus(WSSV)ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏ ပို့ကုန်များကို ပြည်ပတင်ပို့ခွင့် ယာယီရပ်နားထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပိုမိုတင်းမာလာပြီးနောက် မောင်တောမြို့နယ်မှ အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးလိုက်သောကြောင့် အခြားကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။

- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကားလမ်းများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပိတ်ထားသဖြင့် ကျေးရွာပေါင်း ၂၀ ကျော်ခန့်မှ ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် အခက်အခဲဖြစ်နေကြရသည်။

- မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်ရှိ လောကမာန်အောင်စေတီတော်ကြီးကို မိုးကြိုးထိမှန်၍ စိန်ဖူးတော်မှာ မြေခခဲ့ရသည်။

- မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေကျပ်ငါးသိန်းပေးမည်ဟုဆိုကာ နေရပ်ပြန်ခိုင်းခဲ့သော်လည်း လက်ရှိအချိန်ထိ အဆိုပါငွေကြေးများကို မရရှိသေးကြောင်း သိရသည်။