- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဆိပ်ကျေးရွာသားများအမှုတွင် တရားခံပြသက်သေတစ်ဦးကို ဆက်လက်စစ်ဆေး
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားနှင့် ၅ ဦး၏အမှုကို ယနေ့(မတ် ၃ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။
03 Mar 2022
DMG ၊ မတ် ၃
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားနှင့် ၅ ဦး၏အမှုကို ယနေ့(မတ် ၃ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။
“ဒီနေ့ရုံးချိန်းမှာ တရားခံပြသက်သေတစ်ဦးကို စစ်ဆေးတယ်။ နောက် ၁၇ ရက်နေ့ရုံးချိန်းကိုလည်း တရားခံပြသက်သေကို စစ်ဆေးဖို့ ပြန်ချိန်းလိုက်တယ်။ ထွက်ဆိုတာကတော့ တရားခံနဲ့ပတ်သက်ပြီး အကြောင်းအရာကိုထွက်ဆိုတာပေါ့။ တရားခံပြသက်သေကတော့ တရားခံအပြစ်မရှိကြောင်းပြောတာပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG ကိုပြောသည်။
သူတို့ ၅ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ ၅ ဦးကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၀၅)တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။
ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ကျေးရွာသားများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်ကြသည်။
ယနေ့စစ်ဆေးသည့် တရားခံပြသက်သေမှာ ကိုကျော်ဝင်းဟိန်း၏ မိခင်ဖြစ်ပြီး တရားခံဖြစ်သူမှာ ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ဆက်စပ်မှုရှိ/မရှိကို စစ်ဆေးမေးမြန်းခဲ့သည်ဟု ကိုကျော်ဝင်းဟိန်း၏မိခင်ဖြစ်သူ ဒေါ်ခင်ညွှန့်ရီက DMG ကိုပြောသည်။
“ဒီနေ့ရုံးချိန်းမှာ တရားခံရှေ့နေဖက်က အန်တီကိုစစ်ဆေးတယ်။ ကိုကျော်ဝင်းဟိန်းက ကျောက်ဆိပ်ကိုဘာသွားလုပ်တာလဲ။ AA နဲ့ပတ်သက်ဆက်စပ်လား။ ထွက်ဆိုတာတွေက အမှန်လားပေါ့။ အန်တီလည်း AA နဲ့ ဘာမှဆက်နွယ်မှုမရှိကြောင်း၊ အန်တီသားမှာ ဘာအပြစ်မှမရှိဘူးလို့ အမှန်တိုင်းဖြေဆိုခဲ့တာပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါကျောက်ဆိပ်ရွာသား ၅ ဦးမှာ ဖမ်းဆီးချုပ်နှောင်စဉ်ကာလအတွင်းက တပ်မတော်ရေယာဉ်ပေါ်တွင် စစ်သားများ၏ ထိုးကြိတ်၊ကန်ကျောက်နှိပ်စက်ခြင်းကို ခံခဲ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးပြန်လွှတ်လာခြင်းမရှိသေးပေ။